ရသစာတမ်းနှင့်​ ဝတ္ထုတိုကွာခြားပုံ

ရသစာတမ်း(အက်ဆေး)နှင့် ဝတ္ထုတို ကွာခြားပုံ
*****************************************

       ရသစာတမ်းသည် Literature (ခေါ်)ရသစာပေအနွယ်ဝင်
ဖြစ်သောကြောင့် ဝတ္ထုနယ်ပယ်နှင့် မလှမ်းမကမ်းတွင် တည်ရှိနေ
ပါသည်။အထူးသဖြင့် ဝတ္ထုတို၏ သွင်ပြင် လက္ခဏာတစ်ချို့ကို
ရသစာတမ်းတွင် မြင်တွေ့ရတတ်ပါသည်။ထို့ကြောင့်လည်း
ဝတ္ထုတိုနှင့်ရသစာတမ်းကို အမှတ်မှားကာ ဖော်ပြတတ်ကြသည်ကို
စာနယ်ဇင်းများ၌ တွေ့နေရပါသည်။ဝတ္ထုတိုနှင့်ရသစာတမ်းကို
အောက်ပါ လက္ခဏာများဖြင့် ခွဲခြားတင်ပြလိုပါသည်။

(၁)  ဝတ္ထုတိုသည် စိတ်ကူးနှင့်တီထွင်ဖန်တီးကာ
ဇာတ်လမ်းဆင်ရေးဖွဲ့သော အဖွဲ့မျိုး(Fiction)ဖြစ်ပါသည်။
ရသစာတမ်းမှာ စိတ်ကူးနှင့် တီထွင်မှု/ဇာတ်လမ်းဆင်မှုကို
အားမပြုသော(Non-Fiction)ဖြစ်ပါသည်။

(၂)  ရသစာတမ်းတွင် ဇာတ်လမ်း ဇာတ်ကွက်များ
တစ်ခါတစ်ရံပါလာတတ်သော်လည်း ဖန်တီးထားသော
ဇာတ်ကွက်များမဟုတ်/တကယ့်ဖြစ်ရပ်က ဇာတ်ကွက်အသွင်ဖြင့်
ပါဝင်နေခြင်းသာဖြစ်သည်။

(၃)  ဝတ္ထုတိုတွင် စာရေးသူဖန်တီးထားသော
အဓိကဇာတ်ဆောင်နှင့် အရံဇာတ်ဆောင်များရှိသည်။
စာရေးသူကိုယ်တိုင်လည်း ဇာတ်ဆောင်ဖြစ်နိုင်သည်။
ရသစာတမ်းတွင် အဓိကဇာတ်ဆောင်မရှိ  စာရေးသူသာ ရှိသည်။

(၄)  ဝတ္ထုတိုတွင် အချီအချပြောစကားများကို
ဇာတ်ဆောင်၏လိုအပ်ချက်အရ ဝတ္ထုရေးဆရာက ဖန်တီးရေးဖွဲ့သည်။
ရသစာတမ်းတွင် အချီအချ ပြောစကားများပါဝင်နိုင်သော်လည်း
ဖန်တီးချက်မဟုတ်။စာရေးသူ၏ အတွေးအမြင်ခံစားချက်ကို
မျှဝေရာ၌ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် တကယ့်အတိုင်း
ပြန်လည်ထည့်သွင်းထားခြင်းဖြစ်သည်။

(၅)  ဝတ္ထုတိုတွင် ကာလဒေသခေါ် နောက်ခံဝန်းကျင်အဖွဲ့သည်
တကယ့်လောက၏အရှိအတိုင်းပါဝင်နိုင်သည်။ရသစာတမ်းတွင်လည်း
နောက်ခံဝန်းကျင်သည် ထိုအတိုင်းပင်ပါဝင်နိုင်သည်။

-ဤလက္ခဏာများဖြင့် ရသစာတမ်းနှင့် ဝတ္ထုတိုကို ခွဲခြားနိုင်မည်ဟုယူဆပါသည်။

ဒေါက်တာဌေးလွင်
ပါမောက္ခ(ငြိမ်း)
မြန်မာစာဌာန

ရသစာတမ်း၏ သက်ရောက်မှုစာတမ်းမှ
ကောက်နုတ်တင်ပြပါသည်။

****ဆက်လက်ဖော်ပြပါမည်*********

Comments

Popular posts from this blog

မြန်မာကဗျာပုံသဏ္ဌာန်

ပဌာန်းတရားတော်

ဘာသာစကားဆိုင်​ရာ စာအုပ်​များ