ဝတ္ထုတိုဟူသည်
#ဝတ္ထုတိုအင်္ဂါရပ်များ
<> <> <> <> <>
ဝတ္ထုတို၏ အင်္ဂါရပ်များကို -
၁။ ဇာတ်လမ်း
၂။ ဇာတ်ဆောင်
၃။ နောက်ခံဝန်းကျင်
၎။ ဝတ္ထုအတတ်ပညာနှင့်အရေးအသား
၅။ အာဘော်
ဟု(၅)ချက် ခွဲခြား မှတ်သားရိုး အစဉ်အလာရှိခဲ့ပါသည်။
အင်္ဂလိပ်စာ ပါမောက္ခဒေါက်တာ ထင်အောင်က
ဝတ္ထု အင်္ဂါ(၅)ရပ်ကို -
၁။ ဇာတ်လမ်း
၂။ လူ့သဘာဝအဖွဲ့
၃။ ဇာတ်တည်ရာအချိန် ခေတ် နေရာ ဒေသ
၎။ လောကသဘာဝအဖွဲ့
၅။ စာအရေးအသား
ဟု လည်းကောင်း။
ဆရာမင်းယုဝေ၏ စာတမ်းဖတ်ပွဲတွင် -
``ရသစာပေတွင် ဝတ္ထုဟူသော အဖွဲ့၌ရှိသော
အင်္ဂါရများမှာ ငါးမျိုးရှိသည်။ ယင်းတို့မှာ -
၁။ ဇာတ်လမ်း
၂။ ကာလဒေသပတ်ဝန်းကျင်
၃။ လူ့သဘာဝအဖွဲ့
၎။ ဘဝပြဿနာ
၅။ အထွေထွေသရုပ်ဖော်အဖွဲ့
တို့ ဖြစ်ပါသည်။ ဤ အင်္ဂါရပ်များမှာ ဝတ္ထုတိုတွင်ဖြစ်စေ ဝတ္ထုရှည်တွင်ဖြစ်စေ ပါရှိကြပါသည်´´
ဟုဆိုထားရာ အနည်းငယ်ကွဲလွဲချက် ရှိပါသည်။ ထင်ရှားသောကွဲလွဲချက်မှာ ဒေါက်တာထင်အောင်၏အဆိုနှင့် မင်းယုဝေ၏အဆိုတို့၌ ဦးတည်ချက်ကို ထည့်ပြောမထားခြင်း ဖြစ်ပါသည်။ ဒေါက်တာထင်အောင်၏အဆိုမှ လောကသဘာဝအဖွဲ့။ မင်းယုဝေ၏အဆိုမှ ဘဝပြဿနာတို့ကို
ဦးတည်ရည်ရွယ်ချက်/ဘဝအမြင်ဖြင့်ယူသော် လိုရာသို့ဆွဲလွန်းရာ ရောက်မရောက် တွေးဆဖွယ်ဖြစ်ပါသည်။
ဒေါက်တာ မောင်မောင်ညိုကလည်း *ဝတ္ထုတိုရေးနည်း အတတ်ပညာ* စာအုပ်တွင် သမားရိုးကျ ဝတ္ထုရေးဆရာများ သတ်မှတ်ခဲ့သည့် ဝတ္ထုတို၏ အင်္ဂါရပ်များအဖြစ် -
၁။ ဇာတ်လမ်း
၂။ နောက်ခံ (ဝါ) ကာလဒေသပတ်ဝန်းကျင်
၃။ ဇာတ်ကောင် (ဝါ) ဘဝသရုပ်ဆောင်
၎။ အဓိကအကြောင်းအရာ
၅။ ရေးသားဖော်ပြပုံ (ဝါ) အရေးအသားနှင့်ဟန်
ဟု ဖော်ပြခဲ့ပါသည်။
ဒဂုန်တာရာ၏
``စာရေးဆရာ အနုပညာရှင်ဆိုသည်မှာ
ပန်းချီဆရာကဲ့သို့သော မိမိတွေ့မြင်ခံစားသော ရှုခင်း၏အလှကို ဖော်ပြချယ်ရေးရုံသာမဟုတ်။ ပညာရေးမှူးကဲ့သို့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲလိုသော ရည်ရွယ်ချက်လည်းရှိပေသည်´´
ဟူသော အဆိုသည် ဝတ္ထုတို၌ ဦးတည်ချက်၏ အရေးပါပုံကို ဖော်ပြနေပါသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ-၁ အတွဲ-၂ တွင် ဝတ္ထုကောင်းတစ်ခု၌ ရှိအပ်သောအရည်အချင်းများကား (၅)မျိုးရှိ၏။ ယင်းတို့မှာ -
၁။ ဇာတ်လမ်းကောင်းခြင်း
၂။ လူ့သဘာဝအဖွဲ့ကောင်းခြင်း
၃။ ဇာတ်ကွက်နောက်ခံဖြစ်သော အခြေအနေဆီလျော်ခြင်း
၎။ စာရေးသူ၏အထင်အမြင်ဖြစ်သော လောကသဘာဝ အဖွဲ့ကောင်းခြင်းနှင့်
၅။ အရေးအသားအသုံးအနှုန်း ရှင်းလင်းပြတ်သားခြင်း
တို့ဖြစ်၏။
"ဝတ္ထုကောင်းတစ်ပုဒ်မှာ ထိုအချက်(၅)ချက်စလုံး
ညီမျှပါရှိရန်လိုလေသည်"
ဟုဆိုထားရာ ဝတ္ထုတိုဟု မသုံးသော်လည်း ဝတ္ထုတို/ဝတ္ထုရှည် နှစ်မျိုးစလုံး အကျုံးဝင်သည်ဟု ယူဆနိုင်ပါသည်။
ဝတ္ထုတို၏ အင်္ဂါရပ်များနှင့် ပတ်သက်၍ မျိုး
တူဆင်ကွဲ ယူဆချက်တစ်နည်း ရှိပါသေးသည်။
၁။ ဝတ္ထုကြောင်း
၂။ ဇာတ်လမ်း
၃။ ရှုထောင့်
၎။ ဇာတ်ဆောင်
၅။ ကာလဒေသနောက်ခံ
ဟူသော အယူအဆဖြစ်ပါသည်။
(ဆရာမ "စိုးရွှေစင်"၏ *ဝတ္ထုတို သဘောတရား
ဝတ္ထုတို အတတ်ပညာ* စာအုပ်မှ ကောက်နုတ်ဖော်
ပြခြင်းဖြစ်ပါသည်)
Credit: မူရင်း
Comments
Post a Comment