အရည်အချင်း
သီတဂူဆရာတော်
မိန့်ကြားသည့် အရည်အချင်း ၇- ပါး
••••••••••••••••••••••••••••••••
လူငယ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်သတ္တိ(၇)ပါး။ ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်ချင်ရင် ဒီအရည်အချင်း(၇)ပါး ရှိရမယ်။
နံပါတ်(၁) ဥဋ္ဌာန- အမြဲတမ်း နိုးကြား တက်ကြွနေတဲ့ စိတ်ဓာတ်တွေ ရှိရမယ်။
ကြီးမားတဲ့မျှော်လင့်ချက်တွေ ထားမှ နိုးကြားတက်ကြွတဲ့ စိတ်ထား ရှိလိမ့်မယ်။
မျှော်လင့်ချက် ကြီးကြီးမားမား မရှိရင် နိုးကြားတက်ကြွတဲ့ စိတ်မရှိဘူး။ ဒီကနေ့ ကျောင်းသားတွေ ကြီးမားတဲ့ မျှော်လင့်ချက် ရှိသောကျောင်းသား သိပ်ရှားတယ်။ တစ်နပ်စာပဲ စဉ်းစားနေတဲ့ ကလေးတွေ များတယ်။
ဒီတော့ သူနာပြုလုပ်ငန်း ပရဟိတအလုပ်တွေ လုပ်သွားတဲ့ မာသာထရီဇာ-တို့လို့ ၊ ဟန်နရီဒူးနန့်တို့လို အတုယူစရာ အလွန်ကောင်းတဲ့ စံပြပုဂ္ဂိုလ်တွေပဲ။
နပိုလီယံစိတ်ဓာတ်
-----------------
စစ်ရေး စစ်ရာမှာ ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တွေအကြောင်း သင်ချင်ရင်လည်းပဲ နပိုလီယံတို့လို ပုဂ္ဂိုလ်တွေကို အတုယူရမယ်။ သူက ပြင်သစ် စစ်ဘုရင်ကြီး။
တစ်ခုသောစစ်ပွဲမှာ ပြင်သစ်စစ်ဘုရင်ကြီး နယ်ပိုလီယံက သူ့စစ်တပ်ကြီး လွတ်လိုက်တယ်။ ရောမကို သိမ်းဖို့။ ကြားထဲမှာ Alps Ranges -=အလ်ပတောင်တန်းကြီး ရှိတယ်။ သွား ရောမကို တိုက်ဖို့ သွားပြင်ကြဆိုတော့ "တပ်သားတွေက ပြန်လာတယ်။" အလ်ပတ်-တောင်တန်းကြီး ဆီးနှင်းတွေ ခဲနေတာ။ ဟေ့ ဘာလို့ ပြန်လာကြတာလဲ။ ဆီးနှင်းတွေ ခဲနေတယ် ဖြစ်နိုင်တယ် မထင်ဘူး။ It is impossible -ဆိုပြီး သူ့ကို ပြောတယ်။ သူဘာပြန်ပြောလဲ။
"There shall be no Alps. Impossible is a word to be found only in the dictionary of fools," Napoleon. ဘယ်လောက်တောင် နိုးကြားတက်ကြွနေလဲ ။ နိုးကြားမှုဟာ အစွန်းတောင် ရောက်နေတယ်။
ဘုန်းကြီးတို့ တိုင်းပြည်ကတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဖြစ်နိုင်မယ် မထင်ဘူး-ဆိုတဲ့ လူတွေပဲများတယ်။
နပိုလီယံ ပြန်အမိန့်ပေးတယ်။ "မက်းတို့ကို ဖြစ်လား မဖြစ်လား ငါအကြည့်ခိုင်းတာ မဟုတ်ဘူး။ ပြန်သွား။ ငါ အတက်ခိုင်းတာ"လို့။
စစ်တပ်ကြီးတောင်ခြေရောက်ရော သူကနောက်က မြင်းပေါ်ကနေ Hey Climp up the moutain , Napoléon Bonaparte - လို့လည်း အော်လိုက်ရော အကုန်လုံး တောင်ထိပ်ရောက်သွားတယ်။ အဲဒါ နပိုလီယံရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ပဲ။
ဒါကိုကြည့်ပြီး ဘာပဲလုပ်လုပ်၊ တက်တက်ကြွကြွ လုပ်ရမယ်။
အကယ်၍
---------
နိုင်းမြစ်ရဲ့အောက်ပိုင်းက စစ်ပွဲတစ်ခုမှာ ပြင်သစ်စစ်တပ်နဲ့ အင်္ဂလိပ်စစ်တပ် ယှဉ်ဆိုင်ကြတာ။
Nile Battle -နိုင်းမြစ်ရဲ့ စစ်ပွဲ။ အင်္ဂလိပ်ဘက်က ခေါင်းဆောင်က နယ်လ်ဆင် Nelson၊
အင်္ဂလိပ်စစ်ဗိုလ်တွေနဲ့ ညမှာ အစည်းအဝေးလုပ်တယ်။ တိုက်နည်း ဗျူဟာတွေ မြေပုံချ ကြည့်ပြီးတော့ ဒီလိုတက် ဘယ်သူကဘယ်ကတက် အစည်းအဝေးကြီးပြီးသွားတယ်။
စစ်ဗိုလ်တစ်ယောက်က ထပြောတယ်။ နိုင်းမြစ်စစ်ပွဲတော့ ပြင်သစ်ကို အင်္ဂလိပ်က နိုင်မှာပဲ။
If we succeed in this battle, what will the world say ? - သူက if နဲ့ ပြောတယ်။ အကယ်၍များပေါ့နော် ငါတို့ ဒီတိုက်ပွဲမှာ နိုင်ခဲ့လို့ရှိရင် ကမ္ဘာကြီးက ဘာပြောလိမ့်မလဲ။
Hey There is no in the case ", replied Nelson. "That we shall succeed is certain" နယ်လ်ဆင် -ထအော်တယ်။ ဟေ့ ဒီဖြစ်ရပ်မှာ - အကယ်၍-ဆိုတာ မရှိဘူး။ ငါတို့ နိုင်မှာ သေချာပေါက်ပဲ။ Nile Battle မှာ နယ်လ်ဆင်နိုင်တယ်။
အခုတော့ ဘုန်းကြီးတို့တတွေက ဘာဖြစ်နေလဲ ရပါ့ရပါ့မလား ။ ဖြစ်မှ ဖြစ်ပ့ါမလား ဟုတ်မှ ဟုတ်ပါ့မလား ဒါလေးက မရှိဘူး ဟိုဟာလေးက လိုနေ။ ဒါ မရှိလို့ ဒါမဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေနဲ့ ကြီးသွားနေတာ တစ်သက်လုံး။ ဘာမှ ဖြစ်ဘူး။ မဖြစ် ဖြစ်တာနဲ့ လုပ်။ ဥဋ္ဌာန-အမြဲတမ်း တက်ကြွနေရမယ်။ You must be always active.
ဒုတိယ အရည်အချင်း
-------------------
ဒုတိယ - အရည်အချင်းက သတိ၊ သတိဆိုတာ ဘာလဲဆိုရင်Guardian of the Mind ပဲ။
စိတ်က အစာင့်အရှောက်ရှိရမယ်။ ဘိုးတော် မယ်တော်တွေ စောင့်စောင့် မစောင့်စောင့် သတိနဲ့ ထိန်းပြီးတော့ ဒီစိတ်ကို ခိုင်းရမယ်။ စိတ်အထိန်းမရှိတဲ့သူတွေ အမှားအယွင်းများတယ်။
တတိယအရည်အချင်း
--------------------
နောက်တစ်ခု၊ နံပါတ်(၃)က သုစိကမ္မ- Purification of the Deed. လုပ်သမျှ အလုပ် သန့်သန့်ရှင်းရှင်းလုပ်ပါ။ ရုပ်ညံ့တဲ့အတွေးအခေါ်တွေနဲ့ တွေးပြီးတော့ ဒါလုပ်လိုက်ရင် ငါ့အတွက် ဘယ်လောက် အကျိုးရှိမလဲ။ မတွေးပါနဲ့။ အဲ့ဒါ Selfishness. Purification of the speech. Purification of the thought. ကိုယ်ကျိုး ကိုယ့်စီးပွားထည့်ပြီးတော့ မတွေးပါနဲ့။
သန့်ရှင်းရမယ်။
စတုတ္ထ အရည်အချင်း
-------------------
နောက်တစ်ခုက နံပါတ်(၄) နိသမ္မကာရိတော- လုပ်ရင် ဘက်စုံ စူးစမ်ဆင်ခြင် စုံစမ်း စစ်ဆေးပြီးမှ အလုပ်လုပ်ပါ။ လေးဘက် လေးတန် အကုန်စစ်ဆေးပြီးမှ အလုပ်လုပ်ပါ။ Investigative Wisdom- စူးဆန်းတဲ့ အသိဉာဏ်ရှိရမယ်။
ပဉ္စမ အရည်အချင်း
-----------------
နောက် နံပါတ်(၅)က သညတ- သညတ-ဆိုတာ သံယမ-Abstaining from all evil-မကောင်းမှု မှန်သမျှ မရောယှက်စေနဲ့။ မကောင်းတာ မှန်သမျှ အားလုံးကို ရှောင်ရမယ်။ မကောင်းတာလေး နည်းနည်း ရောလိုက်ရင် မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေ အကုန်ပျက်စီးသွားမယ်။
ဆဋ္ဌမ အရည်အချင်း
-------------------
နံပါတ်(၆)က ဓမ္မဇီဝီ- Purification of the Livelihood. ကိုယ့်စားရေး နေရေး ဝတ်ရေး အဲ့ဒီ အရေးသုံးပါးနဲ့ရှာတဲ့ ပစ္စည်းတွေဟာ သန့်သန့်ရှင်းရှင်းဖြစ်ရမယ်။
ဆရာ ဆရာမတွေဟာ မနက် (၉)နာရီ ကျောင်းတက်ရမယ် ဆိုရင် (၁၀)နာရီမှ လာရင် ဘာဖြစ်လဲ၊ ဘယ်သူမှ မသိ ဘာမှ မဖြစ်ဘူး။ မအောက်မေ့နဲ့ နားလည်အောင် စဉ်းစား တစ်နာရီ အလုပ် မလုပ်ဘူးလေ။ တစ်လ လုံးလုံး (၁၀)နာရီမှချည်း အလုပ်ဝင်တယ်ဆိုရင် လွယ်အောင်ပြောမယ် နာရီ(၃၀) သူအချိန်ခိုးထားတယ်။
အချိန်ခိုးခြင်းဟာ နိုင်ငံတော် ပိုကဆံကို ခိုးခြင်းနဲ့ အတူတူပဲ။ သုစိကမ္မ-ဖြစ်ဖို့ ခက်တယ်။ အဲ့ဒါကြောင့် သန့်သန့်ရှင်းရှင်း အသက်မွေးရမယ်။
အဒိန္နာဒါနာ သိက္ခာပုဒ်က သိပ်နူးညံ့တယ်။ နားလည်အောင် လေ့လာပါ။
ဒါတွေအားလုံးကို ဗုဒ္ဓသင်ထားပေးတယ်။ ဘာအတွက်လဲ၊ ဘဝ သန့်ရှင်းဖို့။
ပြန်တဲ့အခါလည်း ညနေ(၄)နာရီ မဟုတ်ဘဲ (၃)နာရီ ပြန်သွားတယ် ဆိုရင် ညနေ (၁)နာရီ ခိုး။ ညနေ (၁)နာရီခိုးတယ်။
(၂)နာရီစာ အလုပ်မလုပ်ဘဲနဲ့ ပိုက်ဆံယူသွားတယ်။ အဲ့ဒီအတွက် လျှော့ပြီး ပိုက်ဆံ ဘယ်သူမှ မထုတ်ဘူး။ အပြည့်ထုတ်တယ်။ အချိန်ပိုခိုင်းပြီဆိုရင် ဆူညံနေတာပဲ။ အချိန်ခိုးတော့ ဘယ်သူမှ မဆူဘူး။
ဒါက နားလည်လွယ်အောင် ပြောတာ။ Livelihood သန့်ရှင်းရမယ်။
သတ္တမ အရည်အချင်း
-------------------
နောက်ဆုံး နံပါတ်(၇) ကတော့ အပ္ပမာဒ- မမေ့နဲ့။ မေ့လျော့ခြင်းဟာလည်း ပျက်စီးခြင်းရဲ့ အကြောင်းပဲ။
ဒီတော့ ဘာပဲလုပ်လုပ် ပေါ့ပေါ့ဆဆ မလုပ်ရဘူး။ စိတ်စိုက်ပြီး လုပ်ရမယ်။ ဒါမှ အောင်မြင်မှုဆိုတာ ရမယ်။
ဒီတော့ အားလုံး အရည်အချင်း(၇)ပါး။ ဒီအရည်အချင်း(၇)ပါးနဲ့ ပြည့်စုံလို့ ရှိရင် ဘယ်သူမဆို ဘဝမှာ ကြီးကြီးကျယ်ကျယ် ထင်ထင်ပေါ်ပေါ်ဖြစ်လာလိမ့်မယ်။
ဒါကြောင့် တပည့်တွေ အားလုံး ဒီအရည်အချင်း(၇)ပါးနဲ့ အလုပ်လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
_________________
(ကျေးဇူးတော်ရှင်သီတဂူဆရာတော် ၂၅.၈.၂၀၁၇- ရက်နေ့က မုံရွာတက္ကသိုလ်တွင်မိန့်ကြားသော သြဝါဒတရား ဖြစ်သည်။)
Crd# မူရင်းတင်သူ
Comments
Post a Comment