မြန်မာကဗျာ
#ဂရုလဟုရှင်းလင်းချက်
မြန်မာကဗျာမှာ အင်မတန် ရောထွေးတတ်တဲ့ ဂရု၊ လဟု ဆိုတာကို ပြောပါဦးမယ် ...
ဂရု၊ လဟု ဆိုတာ မြန်မာ့ရိုးရာစပ်ထုံး ကဗျာတွေရဲ့ ရစ်သမ်တမျိုးပါပဲ ...
ဒီနေရာမှာ ပြသနာရှိတာက ဝေါဟာရ အခေါ်အဝေါ်တွေပါ ... ဂရုသံ၊ ဂရုသရ၊ ဂရုကာရန် ဆိုတာတွေ .. လဟုသံ၊ လဟုသရ၊ လဟုကာရန် ဆိုတာတွေအပြင် ဒီဃ၊ ရဿ၊ ပလုတ (ပ္လုတ) ဆိုတဲ့ ဝေါဟာရတွေပါ ပါနေလို့ ပါပဲ ... ဒါတွေကို တတ်နိုင်သလောက် ရှင်းအောင် ပြောပေးပါ့မယ် ...
အရင်ဆုံးပြောချင်တာက "မတြာ" ဆိုတဲ့ ဝေါဟာရပါ ...
မတြာ ဆိုတာ အသံရှိန်လို့ခေါ်တဲ့ အသံ အရှည်အတို သို့မဟုတ် အသံ ကြာမြင့်ချိန် (duration) ကို တိုင်းတာတဲ့ ယူနစ် (unit) ဖြစ်ပါတယ် ... ၁-မတြာ ဆိုတာ မျက်စ်တမှိတ်၊ လျှပ်တပြက်၊ မျက်တောင်တခတ်စာ အချိန် ကြာမြင့်ပါတယ် ...
မတြာကို သိရင် "ဒီဃ"၊"ရဿ" နဲ့ "ပလုတ (ပ္လုတ)" ကို သိဖို့လိုပါတယ် ... သရတွေရဲ့ အသံတွေပါ ...
ရဿ - တိုသောအသံ (တစ်မတြာ)၊ စာကလေးသံနဲ့ နှိုင်းပါတယ်
ဒီဃ - ရှည်သောအသံ (နှစ်မတြာ) ကျီးသံနဲ့ နှိုင်းပါတယ်
ပလုတ (ပ္လုတ) - အလွန်ရှည်သော အသံ (သုံးမတြာ) ဒေါင်းသံနဲ့ နှိုင်းပါတယ်
ဗျည်း တွေကတော့ အလွန်တိုသောအသံအဖြစ် (မတြာဝက်) ပဲ ရှိပါတယ် ... မြွေပါသံနဲ့ နှိုင်းပါတယ် ... မတြာဝက်သံ ဆိုတာ အချစ် က (အ) သံ၊ မသိ က (မ) သံလို အသံမျိုးဖြစ်ပါတယ်
#ဂရုကာရန်လဟုကာရန်
မြန်မာဘာသာမှာ သရ ၆၈-လုံးရှိပါတယ်
သုဒ္ဓသရ (၂၀-လုံး)
အ အာ အား အံ အံ့
အိ(၏) အီ(ဤ) အီး
အု(ဥ) အူ(ဦ) အူး(ဦး)
အေ အေ့ အေး အဲ အဲ့ အဲး
အော် အော့ အေား (ဩ)
သံယောဂ သရ (၄၈-လုံး)
အက် အောက် အိုက်
အင် အင့် အင်း
အောင် အောင့် အောင်း
အိုင် အိုင့် အိုင်း
အစ် အယ် အယ့်
အည် အည့် အည်း အဉ် အဥ့် အဉ်း
အတ် အိတ် အုတ်
အန် အန့် အန်း
အိန် အိန့် အိန်း
အုန် အုန့် အုန်း
အပ် အိပ် အုပ်
အမ် အမ့် အမ်း
အိမ် အိမ့် အိမ်း
အုမ် အုမ့် အုမ်း
အို(ဝ်) အို့(ဝ်) အို(ဝ်)း
နိဂ္ဂဟိတ် (သေးသေးတင်) ဟာ မ-သတ်နဲ့ အတူတူမို့ အံ နဲ့ အံ့ ကိုဖယ်လိုက်ရင် ၆၆-လုံးကျန်ပါတယ် ...
အဲ နဲ့ အဲး ဟာ အသံတူမို့ အဲး ကို ထပ်ဖယ်ပါတယ် ...
အဲ့ နဲ့ အယ့် အသံတူတာကြောင့် အဲ့ ကို ထပ်ဖယ်ရင် ၆၄-လုံးကျန်ပါတယ် ...
ဒီ ၆၄-လုံးကို ကာရန် ၆၄-ပါးလို့ မြန်မာကဗျာမှာ ခေါ်ပါတယ် ...
တူရာပြန်စုရင် ...
အ၊ အိ၊ အု၊ အေ၊ အယ်၊ အော်၊
ကသတ်၊ ငစတ်၊ စသတ်၊ ပိတ်ရွတ်ညသတ်၊ ဖွင့်ရွတ်ညသတ်၊ တသတ်၊ နသတ်၊ ပသတ်၊ မသတ်၊ ဝသတ် ဆိုပြီး မူလကာရန်ကြီး ၁၆ ပါး ရပါတယ် ...
အဲဒီကာရန်ကြီး ၁၆-ပါးကို ...
အ- ၃လုံး၊ (အ အာ အား)
အိ- ၃လုံး၊ (အိ အီ အီး)
အု- ၃လုံး၊ (အု၊ အူ၊ အူး)
အေ- ၃လုံး၊ (အေ အေ့ အေး)
အယ်- ၃လုံး၊ [အယ် အယ့် အယ်း(အဲ)]
အော်- ၃လုံး၊ (အော် အော့ အေား)
ကသတ်- ၃လုံး၊ (အက် အိုက် အောက်)
ငသတ်- ၉လုံး၊ (အင်အင့်အင်း အိုင်အိုင့်အိုင်း အောင်အောင့်အောင်း)
စသတ်- ၁လုံး၊ (အစ်)
ပိတ်ရွတ်ညသတ်- ၃လုံး၊ (အေည် အေည့် အေည်း သို့မဟုတ် အဉ် အဥ့် အဉ်း)
ဖွင့်ရွတ်ညသတ်- ၃လုံး၊ (အည် အည့် အည်း)
တသတ်- ၃လုံး၊ (အတ် အိတ် အုတ်)
နသတ်- ၉လုံး၊ (အန်အန့်အန်း အိန်အိန့်အိန်း အုန်အုန့်အုန်း)
ပသတ်- ၃လုံး၊ (အပ် အိပ် အုပ်)
မသတ်- ၉လုံး၊ (အမ်အမ့်အမ်း အိမ်အိမ့်အိမ်း အုမ်အုမ့်အုမ်း)
ဝသတ်- ၃လုံး၊ (အိုဝ် အို့ဝ် အိုဝ်း) ဆိုပြီး ကာရန်ငယ် ၆၄-ပါးအဖြစ် ပြန်ခွဲပါတယ် ...
ဒါကို ကာရန်ကြီး ၁၆-တန့်၊ ကာရန်ငယ် ၆၄-ရပ် လို့ သတ်မှတ်ပါတယ် ...
ဒီကာရန်တွေကို တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံ ဆိုပြီး အသံလေးပါး အဖြစ်ခွဲပါတယ်
သက်သံ- ၁၈ င်္လုး (ရဿ) ၁ မတြာ
တက်သံ -၁၈ လုံး (ဒီဃ) ၂ မတြာ
နိမ့်သံ -၁၈ လုံး (ပလုတ) ၃ မတြာ
တိုင်သံ -၁၀ လုံး ဖြစ်ပါတယ်။ #ပုံက ဇယားမှာ ကြည့်ပါ ...
ဒီအသံလေးပါးကို "ဂရုကာရန်" နဲ့ "လဟုကာရန်" အဖြစ် ပြန်ခွဲတဲ့အခါ
သံလျော့ (လေလျော့) ဖြစ်တဲ့ "တက်သံ" ၁၈-လုံးကို "#ဂရုကာရန်" အဖြစ်သတ်မှတ်ပြီး
သံပြင်း (လေပြင်း) ဖြစ်တဲ့ သက်သံ၊ နိမ့်သံ၊ တိုင်သံတွေကို "#လဟုကာရန်" အဖြစ် သတ်မှတ်ပါတယ်။
မှတ်ချက် - နိမ့်သံ ၁၈-လုံးကို ပလုတသံ လို့လည်း ခေါ်နိုင်ပြီး ဂရုမျိုးမှာ ပါဝင်ပေမဲ့ မြန်မာကဗျာ အနေနဲ့ သံပြင်းဖြစ်နေ တာကြောင့် လဟုကာရန် လို့ပဲ မှတ်ယူရပါတယ်။
☆☆☆ဒီ ဂရုကာရန်နဲ့လဟုကာရန်ကို ဂရု/လဟုလို့ပဲ အလွယ်ခေါ်ပြီး ကဗျာရေးတဲ့အခါ ဂရု၊လဟု ခွဲမယ် ဆိုရင် ဒီ ဂရုကာရန် နဲ့ လဟုကာရန်အတိုင်းပဲ ခွဲခြား သတ်မှတ်ရပါတယ်။☆☆☆
#ဒီဃနှင့်ရဿ
ဒီဃ ရဿ ခွဲတဲ့အခါမှာတော့
သက်သံ ၁၈-လုံး နဲ့ တိုင်သံ ၁၀-လုံးကို ရဿသရ ၂၈-လုံးအဖြစ်သတ်မှတ်ပါတယ်။ ရဿ = တို၊ လဟု = ပေါ့ ဖြစ်တာမို့ အဓိပ္ပါယ်တူတာကြောင့် "လဟုသရ" လို့လည်း ခေါ်ပါတယ်။
တက်သံ ၁၈-လုံးနဲ့ နိမ့်သံ ၁၈-လုံးကို ဒီဃသရ ၃၆-လုံး အဖြစ် သတ်မှတ်ပါတယ်။
ဒီဃ = ရှည်၊ ဂရု = လေး ဖြစ်တာမို့ အဓိပ္ပါယ်တူတာကြောင့် "ဂရုသရ" လို့လည်း ခေါ်ပါတယ်။
ဒီဃ၊ ရဿ ကို ဘယ်မှာ သုံးသလဲ ဆိုရင် "#ဆန်းနည်း" အရ ဂိုဏ်း၊ ဂရု၊ လဟု စသဖြင့် ခွဲတဲ့အခါ သုံးပါတယ်။ အမတ်ကြီး ဘိုးရာဇာ၊ ဆရာတော်ဦးဗုဓ် စတဲ့ ပညာရှိကြီးတွေက ရတုတွေနဲ့ ရေးသားညွှန်ပြခဲ့ကြသလို မြဝတီမင်းကြီးကလည်း ဆောင်ပုဒ်လေးချိုး ရေးသားခဲ့ပါသေးတယ်။
ဒါကိုကြည့်ပြီး တချို့တွေက #နိမ့်သံ ကို ဂရုလို့ ထင်နေကြတာ ဖြစ်ပါတယ်။ သရအားဖြင့် #ဂရုသရ ဖြစ်ပေမဲ့ သံပြင်းဖြစ်တာကြောင့် ကာရန်အားဖြင့် #လဟုကာရန် ထဲမှာပဲ ပါဝင်လို့ ကဗျာရေးတဲ့အခါ ဂရု၊ လဟုခွဲရင် လဟုအဖြစ်ပဲ ယူရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။
ဆန်းနည်းတွေဟာ ရှေးဟိန္ဒူဗြဟ္မဏ အယူဝါဒ လာ ဂါထာတွေရေးသား စီရင်တဲ့ အခါ ရွတ်ဆိုသူတို့ အကျိုးအပြစ် ဖြစ်ပေါ်စေနိုင်လို့ ဆောင်ရန် ရှောင်ရန် စကားလုံးများ အသံများကို သိဖို့ သတ်မှတ်ထားတာ ဖြစ်လို့ ရိုးရိုးကဗျာရေးတဲ့ အခါ မလိုအပ်ဘူး လို့ ယူဆတာကြောင့် ကျနော် လုံးဝအသုံးမပြုပါ။ နောက်ပြီး ကဗျာတပုဒ်ရေးဖို့အရေး ဗေဒင်တွက်သလို တွက်ပြီးမှ ရေးရမယ် ဆိုရင် သိပ်အဓိပ္ပါယ် မရှိဘူးလို့ ထင်တာကြောင့်လည်း ဖြစ်ပါတယ်၊ သုံးချင်ရင်လည်း သုံးနိုင်ပါတယ်။
#အသတ်ခြောက်ပါး
နောက်ထပ် ခွဲခြားသိထားဖို့က အသတ်ခြောက်ပါး ဖြစ်ပါတယ်။
အသတ်ခြောက်ပါး ဆိုတာ ...
ပ-သတ်၊ မ-သတ်၊
တ-သတ်၊ န-သတ်
ည-သတ်၊ ယ-သတ် တို့ ဖြစ်ပါတယ်။
ပ-သတ်၊ မ-သတ် ကို
ပရမတ်သံ - မဖောက်မပြန်သောစကား
ဂရုသံ - အလေးဖြစ်သောစကား
အနိစ္ဆိတသံ - အလိုမရှိအပ်သောစကား ...
လို့ သတ်မှတ်ပါတယ်။
တ-သတ်၊ န-သတ် ကို
ပညတ်သံ - ခေါ်ဝေါ်ပညတ်သောစကား
လဟုသံ - ပေါ့သောစကား
ဣစ္ဆိတသံ - အလိုရှိအပ်သောစကား ...
လို့ သတ်မှတ်ပါတယ်။
ည-သတ် ကို ပညတ်သံ (ခေါ်ဝေါ်ပညတ်သော စကား)
ယ-သတ် ကို ဂရုသံ (အလေးဖြစ်သော စကား) အဖြစ် သတ်မှတ်ပါတယ်။
ဒီမှာ သတ်မှတ်တဲ့ ဂရုသံ၊ လဟုသံ ဆိုတာက တကယ်တော့ အသံအဖြစ်ထက် စကား အဓိပ္ပါယ်များ အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။ စကားလုံးနဲ့ ဆိုင်တဲ့ အသတ်ရွေးချင်ရင် ခွဲခြားဖို့ သုံးတာ ဖြစ်ပါတယ်။ ဥပမာ အဖြစ် အကျဉ်းပြရရင် ...
စစ်တပ်၊ စမ်းသပ်၊ ငွေကျပ် စတဲ့ ဂရုသံတွေကို ပ-သတ် ...
ထုံးတမ်း၊ ကျင်ကျ့မ်း၊ စိတ်ဝမ်း၊ ညှိုးနွမ်း၊ လမ်း ... စတဲ့ ဂရုသံတွေကို မ-သတ် ...
အလယ်၊ ဆေးခြယ်၊ ပြုံးရယ်၊ စင်ကြယ် .. စတဲ့ ဂရုသံတွေကို ယ-သတ် ...
စသဖြင့် အသုံးပြုဖို့ ခွဲခြားညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒီအသတ်ခြောက်ပါးရဲ့ အာဂမ တွေကို ကဗျာစွယ်စုံကျမ်းထဲမှာ အကျယ် ဖတ်ရှုနိုင်ပါတယ်။
#ချီသံချသံ
အရေးကြီးတဲ့ အချက်ကို ထပ်ပြောချင် ပါတယ်။ အခွင့်ကြုံတိုင်းလည်း ပြောခဲ့ ပါတယ်။ ဂရုကာရန်ကို #ချီသံ၊ လဟုကာရန်ကို #ချသံ ဆိုပြီး ခေါ်နေကြတာဟာ #ရှုပ်ထွေးမှု ကို ဖြစ်စေ ပါတယ်။
တကယ်တော့ ကဗျာရေးတဲ့အခါ ဘယ်အသံနဲ့ ချီရမယ်၊ ချရမယ်လို့ အားလုံးအတွက် ပုံသေ သတ်မှတ်ချက် မရှိပါဘူး။
ဥပမာ ဒွေးချိုးတွေမှာ ဂရုချီ၊ လဟုချရတာမို့ ချီသံ နဲ့ချီ၊ ချသံနဲ့ ချ လို့ မှတ်ရင် ပြောရင် မထောင်းတာလှပေမဲ့ တြိချိုး လေးချိုးတွေရဲ့ ပထမအချိုးကို လဟုချီ၊ ဂရုချရတာကြောင့် ချသံနဲ့ ချီ၊ ချီသံနဲ့ ချ ဆိုရင် ရှုပ်ထွေးကုန်ပါလိမ့်မယ်။
အချီအချအတွက် ဂရု/လဟု သတ်မှတ်ချက် မရှိတဲ့ ရတုနဲ့ တခြားလေးလုံးစပ် လင်္ကာတွေ၊ ရကန်လို ကဗျာတွေ၊ အချီပိုဒ်မှာ ဂရုရော လဟုပါ ပါနေတဲ့ တေးထပ်၊ တေးရိုးလို ကဗျာတွေမှာ ချီသံတွေ ချသံတွေနဲ့ ပြောရင် အဓိပ္ပါယ် မရှိတော့ပါဘူး။ အထူးသဖြင့် စတင် လေ့လာကာစ သူတွေအတွက် ပိုပြီး ရှုပ်ထွေး သွားပါလိမ့်မယ်။
ဒါကြောင့် ချီသံ၊ ချသံ ဆိုတဲ့ အသုံးကို မသုံးဘဲ ဂရု၊ လဟု လို့သာ သုံးကြစေချင်ပါတယ်။
ကိုးကား။
ကဗျာစွယ်စုံကျမ်း
ကဗျာဗန္ဓသာရကျမ်း
#ဟယ်ရီလွင်
မှတ်သားထိုက်ပါတယ်ဆရာ
ReplyDelete