အပြောနှင့်အရေး
#အပြောနှင့်အရေး
**************
Written by
လှမြင့် (ရန်ကုန်တက္ကသိုလ်)
"အပြော" ဟူသည် အရပ်သုံးစကားဖြစ်ပြီး အများအားဖြင့် စကားအပြောအဆိုဟူ၍ သုံးနှုန်းလေ့ ရှိသည်။ "စကား" ဟူသည် အနက်အဓိပ္ပာယ်ရှိသောနှုတ်မြွက်သံ၊ ပြောဆိုချက်ဟူ၍ ဖွင့်ဆိုသတ်မှတ်သည်။ ထို့ကြောင်း အပြောစကား၊ စကားပြောဆို ဘာသာစကားဟူ၍ သုံးစွဲနေကြခြင်း ဖြစ်သည်။
လူသည် လူ့လောကတွင် တစ်ဦးတစ်ယောက်တည်း နေ၍မဖြစ်နိုင်။ လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် ကျင်လည်၍ တစ်ဦးနှင့်တစ်ဦး အပြောအဆိုဖြင့် ဦးစွာပြောဆို ဆက်ဆံမှု ပြုခဲ့ကြသည်။ ထို့ကြောင့် အပြောအဆိုစကား ဘာသာစကားသည် လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်၌ အသုံးအများဆုံး တိုးတက်ဖွံ့ဖြိုးမှု အမြင့်မားဆုံး၊ အသိမ်မွေ့ဆုံး၊ အရှုပ်ထွေးဆုံး ဖြစ်သည်။ လူသားတို့၏ လက်တွေ့ဘ၀နှင့် စိတ်ပိုင်းဘ၀ တစ်ရပ်လုံးတွင် အရေးပါဆုံး ဖြစ်သည်။ အပြောအဆိုစကား ဘာသာစကားသည် လူ့လောကတွင် မလုပ်မဖြစ်သော အလုပ်တစ်ခု ဖြစ်သည်ဟူ၍ အပြောအဆို စကား၏ အနှစ်သာရကို ဘာသာစကား ပညာရှင် ဘောဂဗေဒ ပညာရှင်များက မိန့်ဆိုလမ်းညွှန် ခဲ့သည်။
ထိုနည်းတူ အရေး (သို့မဟုတ်) စာသည်လည်း လူမှုဆက်ဆံရေး နယ်ပယ်တွင် အရေးပါသော အကြောင်းအရင်း တစ်ရပ်အဖြစ် ရပ်တည်နေသည်။ အရေး (သို့မဟုတ်) စာသည် အပြော(သို့မဟုတ်) စကားထက် နှစ်ပေါင်းများစွာ နောက်ကျပြီးမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ လူ့သမိုင်းကြောင်းတွင် လူသားတို့သည် အပြောစကားကို ဦးစွာပြောဆို ခဲ့ကြပြီး နောက်နှစ်ပေါင်းများစွာ ကြာသောအခါတွင်မှ အရေး၊ စာကို တီတွင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အပြော (၀ါ) စကားဟူသည် စကားသံကို ရည်ညွှန်းခြင်းဖြစ်၍ အရေး (၀ါ) စာဟူသည် စကားသံ (၀ါ) အပြောတို့ကို မြင်သာအောင် မှတ်တမ်းတင်ထားခြင်းသာ ဖြစ်သည်။
အပြော (၀ါ) စကားသည် အသံမျှသာဖြစ်၍ အကောင်အထည် အထင်အရှား မရှိပေ။ ပြောဆိုပြီးသည်နှင့် ပျောက်ကွယ်တတ်သော သဘောရှိသည်။ အပြော (၀ါ) စကားသံများကို သင်္ကေတနည်း၊ အက္ခရာနည်းဖြင့် ထင်သာမြင်သာစေရန် မှတ်တမ်းတင်ခဲ့ မှုများမှတစ်ဆင့် အရေး (၀ါ) စာဟူ၍ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် အပြောနှင့်အရေး (၀ါ) စကားနှင့် စာတို့သည် ဒွန်တွဲနေသည်။ အပြောနှင့်အရေး (၀ါ) စကားနှင့် စာတို့၏ ရည်ရွယ်ချက် အနှစ်သာရကို ဆရာဇော်ဂျီက "စာရေးခြင်းသည် စကားပြောခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။ စာရေးခြင်းဟူသည် စာရေးသူ၏ စိတ်ထဲ၌ရှိသော အနက်သဘောကို သူတစ်ပါး၏ နားနှင့်စိတ်များသို့ ရောက်အောင်ပို့ချင်သောကြောင့် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုနည်းတူ စကားပြောခြင်းဟူသည် ပြောသူ၏ စိတ်ထဲ၌ရှိသော အနက်သဘောကို သူတစ်ပါး၏ နားနှင့်စိတ်များသို့ ရောက်အောင်ပို့ချင်သောကြောင့် ပြုလုပ်ခြင်း ဖြစ်သည်။ စာရေးခြင်း ဆိုသည်မှာ အရာဝတ္ထု တစ်ခုခုပေါ်၌ ရေးခြစ်ခြင်းဖြစ်၍ စကားပြောခြင်း ဆိုသည်မှာ နှုတ်အာလျှာတို့ကို လှုပ်ရှားရခြင်းဖြစ်ရာ ပြုပုံချင်းသာ ကွဲသည် ရည်ရွယ်ချက်ချင်းကား အတူတူပင် ဖြစ်သည်" ဟူ၍ မိန့်ဆိုခဲ့သည်။
ထိုနည်းတူ စာရေးဆရာကြီး ရန်အောင်ကလည်း အပြောနှင့်အရေး (၀ါ) စကားနှင့် စာတို့၏ အနှစ်သာရနှင့် ဒွန်တွဲနေမှုကို -
"စကားဟူသည် နှုတ်ဖြင့်ရေးသော စာ၊ စာပေဟူသည် လက်ဖြင့်ပြောသော စကားသာလျှင် ဖြစ်ပါသတည်း" ဟူ၍ မှတ်သားဖွယ် မိန့်ကြားလမ်းညွှန် ခဲ့သည်။
စကားပြောလျှင်ဖြစ်စေ၊ စာရေးလျှင်ဖြစ်စေ စကားလုံးများ၊ စာလုံးများကို သတ်မှတ်ထားသော စည်းကမ်းနည်းလမ်းနှင့်အညီ စီစဉ်၍ ပြောရ၊ ရေးရခြင်း ဖြစ်သည်။ ထိုသို့သော ပြောရ၊ ရေးရသော စည်းကမ်းကို "သဒ္ဒါ" ဟု ခေါ်ဆိုသည်။ စကားပြောရာတွင် စကားတစ်ခွန်း၏ အဓိပ္ပာယ် ရှိမှုသည် စကားတစ်လုံးချင်း အဓိပ္ပာယ်ရှိမှုနှင့် အတူ စာလုံးများ၏ စည်းကမ်းဟူသော သဒ္ဒါနှင့် အစီအစဉ် မှန်ကန်မှုသည် အရေးပါသည်။ ထိုနည်းတူ စာရေးရာတွင်လည်း စာလုံးတစ်လုံး၏ အဓိပ္ပာယ်ရှိမှု၊ စကားလုံးများ၏ စည်းကမ်းဟူသော သဒ္ဒါနှင့် အစီအစဉ် မှန်ကန်မှုတို့သည် အရေးပါသည်။ ထို့ကြောင့် စကားပြောလျှင် ဖြစ်စေ၊ စာရေးလျှင်ဖြစ်စေ ပါဝင်သော စကားလုံးများ၊ စာလုံးများသည် စည်းကမ်းတကျ အစီအစဉ်တကျ ရှိရမြဲ ဖြစ်သည်။ အဓိပ္ပာယ် ရှိရစမြဲ ဖြစ်သည်။
အပြောနှင့်အရေး (၀ါ) စကားနှင့် အရေးအသားစာသည် ဒွန်တွဲနေသော်လည်း သဘောသဘာဝ အနှစ်သာရ ချင်းမှာမူ ခြားနားသည်။ အပြောနှင့် အရေးတို့ ဒွန်တွဲနေမှုနှင့် သဘောသဘာဝ ခြားနားမှုဟူသော ဒွန်တွဲမှုနှင့် ခြားနားမှု ၀ိသေသကို ဆရာမောင်ခင်မင် (ဓနုဖြူ)က ဤသို့မိန့်ဆို လမ်းညွှန်ခဲ့သည်။
စကားကို စာဖြင့်ရေး၍ မှတ်တမ်းတင်နိုင်သည်ဟု ယေဘုယျအားဖြင့် ဆိုသော်လည်း လူတစ်ယောက်ပြောသည့် စကားကို သူပြောဆို ပုံအတိုင်း တိတိကျကျ ရေးမှတ်ရန် အလွန်ခဲယဉ်းပါသည်။ စကားပြောသောအခါ သူ၏အသံသည် နိမ့်သည့်နေရာတွင် နိမ့်သွားလိုက်၊ မြင့်သည့်နေရာတွင် မြင့်သွားလိုက် ရှိမြဲဖြစ်တတ် ပါသည်။ လေးလေးနက်နက် ဖိ၍ပြောရသော နေရာမျိုး ရှိသကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် ဖော့၍ပြောရသော နေရာမျိုးလည်း ရှိသည်။ ထို့ကြောင့် ပြောဆိုသော စကားသံအတိုင်း စာဖြင့် တိတိကျကျ ရေးမှတ်၍ မရနိုင်ဟု ဆိုရခြင်း ဖြစ်ပါသည်။ အပြောတွင် ပါဝင်သော အသံအနိမ့်၊ အမြင့်၊ အလေး၊ အပေါ့၊ အဖိ၊ အဖော့ သဘောများကို အရေးတွင် မတွေ့နိုင်ပါ။
"အပြော" သည် အရေးလောက် ကြိုတင်ပြင်ဆင်ချိန် မရခြင်းသည်လည်း အပြောနှင့် အရေး၏ မတူညီသော အချက်တစ်ချက်ပင် ဖြစ်သည်။ စကားပြောလျှင် ကြုံတွေ့လာသော ကိစ္စကို စိတ်ထဲ၌ ပေါ်လာသည့်အတိုင်း ချက်ချင်းကိုင်ဖမ်းပြီး ပြောသွားရခြင်း ဖြစ်သည့်အတွက် ပြောသောစကားကို ကြိုတင်ပြင်ဆင်ချိန် မရပေ။ "အရေး" တွင်မူ မရေးမီ ကြိုတင်စဉ်းစား ပြင်ဆင်နိုင်သည်။ ရေးပြီးလျှင်လည်း ပြုပြင်၍ ရသေးသည်။ ထို့ကြောင့် အပြောတွင် တွေ့ရသော မပြေပြစ်မှုများ ကင်းရှင်းနေတတ်သည်။
"အပြော" သည် အရေးထက်ပို၍ ကိုင်ရတွယ်ရ၊ ပျော့ပျောင်းညင်သာသော သဘောရှိခြင်းကိုလည်း ဂရုပြုသင့်သည်။ နားထောင်သူ နားမလည်ရင် ပြောသူက ထပ်ပြော၍ ရသည်။ အပြောမှားယွင်း သွားလျှင်လည်း ပြုပြင်ပြော၍ ရနိုင်သည်။ ထို့ကြောင့် အပြောသည် ကိုင်ရတွယ်ရ၊ ပျော့ပျောင်း ညင်သာပါသည်။ "အရေး" သည် အပြောကဲ့မှာသို့ စကားထပ်များ စကားပိုများခွင့် မပြုပါ။ ရေးထားသောစာကို စာဖတ်သူက နားမလည်လျှင် ပြန်မေးရန်လည်း မလွယ်ကူလှပါ။ ထို့ကြောင့် စာရေးရာတွင် စာဖတ်သူတို့အား ရှင်းရှင်းလင်းလင်း နားလည်အောင် အားထုတ်ရန် အရေးကြီးသည်ဟု ပညာရှင်ကြီးများ မိန့်ဆိုခဲ့ကြခြင်း ဖြစ်သည်။
"အပြော" က "အရေး" ထက်သာသော အချက်တစ်ခုကား တိုက်ရိုက်ကျခြင်းပင် ဖြစ်ပါသည်။ အပြောတွင် ပြောသူနှင့် နားထောင်သူတို့သည် တိုက်ရိုက်ထိတွေ့ခွင့် ရသည်။ အရေးတွင်မူ ထိုခံစားမှုမျိုးကို မရနိုင်။ ရေးသူနှင့် ဖတ်သူသည် တိုက်ရိုက် မထိတွေ့ရဘဲ တစ်ဆင့်ခံ သဘော ဖြစ်သွားသည်။ အချိန်ချင်း နေရာချင်း ကွာဝေးသွားရသည်။ ထို့ကြောင့် အပြောနှင့် ဆက်သွယ်ခြင်းသည် အရေးနှင့် ဆက်သွယ်ခြင်းထက် ပို၍စိတ်လိုအင် ဆန္ဒကို ပြည့်ဝစေတတ် ပါသည်။ ရပ်ဝေးသို့ ဆက်သွယ်သောအခါ စာရေးဆက်သွယ် ရခြင်းထက် တယ်လီဖုန်းမှ ကိုယ်တိုင်ပြောဆို ဆက်သွယ်ရခြင်းကို ပို၍နှစ်သက်အားရ ဖြစ်ရတတ်ခြင်းသည် ဤသဘောပင် ဖြစ်ပါသည်။
ဘာသာဗေဒနှင့် သဒ္ဒဗေဒ သဘောအရ "အပြောနှင့် အရေး" တွင် "#အပြောဘာသာစကား" နှင့် "#အရေးဘာသာစကား" ဟူ၍ ခေါ်ဆိုသတ်မှတ် ထားသည်။ စာပေသဘောဖြင့် ပြောလျှင် "အပြောစကားပြေ" နှင့် "အရေးစကားပြေ" ဟူ၍ ဖြစ်သည်။ အပြောစကားပြေဟူသည် ကြိုတင်ရေးသားထားပြီး ပြန်ဖတ်ပြသော ဟောပြောချက်များ၊ ရုပ်ရှင်၊ ပြဇာတ်၊ ၀တ္ထုများမှ ဇာတ်ဆောင်တို့၏ ပြောစကားများ ဖြစ်သည်။ အပြောစကားပြေသည် အပြောစကားနှင့် ကွဲပြားသည်။ အပြောစကားပြေတွင် ကြိုတင်ရေးသား ပြင်ဆင်ရသော သဘောမျိုး မကင်းနိုင်ပေ။ အရေးစကားပြေဟူသည် စာသုံးစကားပြေမျိုး ဖြစ်သည်။
မျက်မှောက်ခေတ်တွင် အပြောစကားပြေနှင့် အရေးစကားပြေများကို သူ့နေရာနှင့်သူ၊ အလျဉ်းသင့်သလို အသုံးပြုလျက် ရှိသည်။ စကားပြောဟန်ဖြင့် ပို၍နီးစပ် စေလိုသော နေရာမျိုးတွင် အပြောစကားပြေကို သုံးလေ့ရှိပြီး စာဟန်ပေဟန်နှင့် ပို၍နီးစပ် စေလိုသော နေရာမျိုးတွင် အရေးစကားပြေကို အသုံးပြုလေ့ ရှိသည်။ အပြောစကားပြေနှင့် အရေးစကားပြေ နှစ်မျိုးစလုံးတွင် ကြိုတင်ပြင်ဆင်မှု၊ ဖန်တီးမှု၊ ပါဝင်နေမှုကို တွေ့နိုင်ပေသည်။
ကျမ်းကိုး-
စကားပြေသဘောတရား၊ စကားပြေ အတတ်ပညာ
(မောင်ခင်မင်-ဓနုဖြူ )
credit-eleven media group
Comments
Post a Comment