အသံ
***စာ/ဝါကျ အထဲက အသံ - စပ်မိရာရာ***
သံကြောင်/သံဂျောင်/န-
၁။ နားမသာယာသော အော်ဟစ်သံ။
၂။ သံစဉ်ခုနစ်ပါးတွင် မည်သည့်အသံနှင့်မျှ မကိုက်ညီသော ကြားသံ။
(မြန်မာအဘိဓာန်)
~~~~~~~~~~~~~~~~~
မပြတ်အသံ၊ တညံညံသည်
စာအံစာဘတ်၊ ကြပ်ကြပ်မြဲမြဲ
သည်,လည်း,ညသတ်၊ ပြတ်ပြတ်သားသား
စကားဆိုထွေ ပီလှစေ။ ။
(ရှင်မဟာသီလဝံသ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပုဒ်စပ်ချောပြေ၊ သန္ဓေခြားဖြတ်
သံလွတ်ဖွင့်ဆို၊ ရှည်တိုလေးပေါ့
တင်းလျော့နိဂ္ဂဟိတ်၊ အစိတ်အဖြာ
အင်္ဂါဆယ်ခု၊ ဖတ်မှု မကျွမ်း
နား မချမ်းမူ၊
တတ်စွမ်းသောလျောက်၊ မကောက် မငင်
မသင်ပြင်ဘဲ၊ မဖင့်နွှဲနှင့်
မရဲမရောင့်၊ စနှောင့်စနင်
နာချင်နာရ၊ စာမကျလည်း
ရှုတ်ချပြည်သည်၊ ရိပ်ခြည်မပြ
ရွံဖြေကြ၍၊ အစပြင်ဘွယ်
အလယ်ပြင်တန်၊ အစွန်ပြင်ရေး
အသင့်ဆေးလျက်၊
ထက်သွေးဖြောင့်သွား၊ စိန်တပ်မြားသို့
မမှားအက္ခရာ၊ မြက်မြက်မာသည်
နှုတ်လျှာ မဖုန်ပါလင့်ကုန်။ ။ (ကိုးခန်း- ပိုဒ် ၂၃၉)
(ရှင်မဟာရဋ္ဌသာရ)
~~~~
၁။ ပုဒ်စပ်ချောပြေ = သမ္ဗန္ဓ (ပုဒ်စပ်ချောမြေ့)
၂။ သန္ဓေခြားဖြတ် = ဝဝတ္ထိတ (သန္ဓေ့ခြားဖြတ်)
၃။ သံလွှတ်ဖွင့်ဆို = ဝိမုတ္တိ
၎။ ရှည် = ဒီဃ
၅။ တို = ရဿ
၆။ လေး = ဂရု
၇။ ပေါ့ = လဟု
၈။ တင်း = ဓနိတ
၉။ လျော့ = သိထိလ
၁၀။ နိဂ္ဂဟိတ် = နိဂ္ဂဟီတ
(သဒ္ဒဗျူဟာကျမ်းလာ ခက်ဆစ်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခေတ်ပြောင်းလဲခြင်း-
၁။ ရိုးရိုးကလေး ရေးခြင်း-
စာဖတ်ဝါနုသော ပရိသတ်သည် ကဗျာဆန်သော စကားပြေမျိုးကို ကောင်းသည်ဟု ထင်တတ်သေး သော်လည်း ဝါရင့်သော ပရိသတ်ကမူ ပြုံးဖို့ နားလည်ကြကုန်လေပြီ။
၂။ ရှင်းရှင်းရေးတတ်ရမည်-
ခက်ခဲနက်နဲသော အဓိပ္ပာယ်ရှိသည့်စာပင် ဖြစ်စေ တခေါက် ဖတ်ရုံမျှနှင့် နားသယ်ကို နှက်လိုက်သကဲ့သို့ `အလန့်တကြား' နားလည်စေခြင်း…
၃။ ဒေါင်းဒေါင်းပြေးခြင်း/ဖတ်၍ချောခြင်း-
စာတပုဒ်ကို ဖတ်လိုက်သည့်အခါ `ဒေါင်း ဒေါင်း ဒေါင်း ဒေါင်း' ပြေး၍ နားထဲသို့ အလိုက်သင့် ဝင်သွားသော စာမျိုးကို ဆိုလိုသည်။
၎င်းအင်္ဂါနှင့် မပြည့်စုံသော စာမျိုးကို ဖတ်ရသည့်အခါ သမံတလင်းပေါ်တွင် သဲဖြူးပြီး သတ္ထုအိုးဖင်နှင့် ပွတ်သော အသံကဲ့သို့ ကျွန်ုပ်၏ နားထဲ၌ အခံရခက်လှသည်။
(ရွှေဥဒေါင်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ စကားသုံးဟန်-
အကြောင်းအရာ အလေးပေါ့အလိုက် စကားများကို လိုက်ဖက်စွာ သုံးတတ်ကြသည်။
``သားမောင်သောင်းဖေ၏ မျက်နှာကို မဲ့လည်း မဲ့၊ ရယ်လည်း ရယ်၍ ရယ်မဲ့ ရယ်မဲ့နှင့် မကြည်တဲ့သဘော မျက်နှာနှင့် ကြည့်ပြီးမှ''……
``ထိုအခန်းကား ထိုစဉ်က အိပ်ပျော်နေသော မြန်မာလူမျိုးများကို နှိုးပေးခဲ့သောအခန်း''……
၂။ ဝါကျဟန်-
အကြောင်းအရာ၏ သဘောကို လိုက်၍ ဝါကျတိုခြင်း ရှည်ခြင်း ပျော့ခြင်း မာခြင်း စသည်တို့ ဖြစ်စေတတ်၏။
ပုံစံအားဖြင့် တစ်ခုပြီးတစ်ခု တစ်ကန့်ပြီး တစ်ကန့် ဖြစ်သည့်သဘောကို ပြသည့်အခါ ဝါကျများသည် အကြောင်းအရာနှင့် လိုက်ဖက်စွာ တိုသွားတတ်ပါသည်။
အမျှင်မပြတ် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့် သဘောကို ပြသည့်အခါတွင်မူ ဝါကျများသည် အကြောင်းအရာနှင့် လိုက်ဖက်စွာ ရှည်သွားတတ်ပါသည်။
၃။ အလင်္ကာ-
အကြောင်းအရာနှင့် လိုက်ဖက်အောင် သုံးထားသော အလင်္ကာများသည် နှစ်သက်ဖွယ် ဖြစ်ပါသည်။
``နွားငယ်သည် အမိကို မြင်လျှင် ရှေ့မှနောက်မှ တွန်မြည် ကြွေးကြော် ကြိုဆို မြူးထူးဘိ သကဲ့သို့လည်းကောင်း" ……
၎။ စည်းဝါး-
အသံအနိမ့်အမြင့် စည်းဝါး အဖြတ်အတောက် ကောင်းမွန်မှုကြောင့် ရေးဖွဲ့သည့် အကြောင်းအရာ ပို၍ ပေါ်လွှင်လာရသောသဘောကို လေ့လာနိုင်ပါသည်။
``မိန်းမသည် လှေကားရင်းတွင် အခွေသား ပုံလျက်လဲ၏။ ခေါင်းခုမှာလည်း ထိုနည်းလည်းကောင်း၊ အလေးတောင်းမှာလည်း ထိုအတူ၊ ချိန်ခွင်ကြီးမှာလည်း ထိုကဲ့သို့၊ ကွမ်းရွက်တို့ကား ပြန့်ကြဲလျက်" ……
၅။ လေသံ-
စာရေးရာတွင် စကားရွေးချယ်ပုံ၊ စကား အစီအစဉ်ချပုံ၊ လေယူလေသိမ်း စကားအဖြတ်အတောက် ပေါ်လွှင်အောင်ရေးပုံ စသည့်နည်းများဖြင့် လေသံကို ထင်ရှားစေနိုင်ပါသည်။
``ခရားမှ ရေယိုကျဘိသကဲ့သို့ တဖွဖွနှင့် ချက်ကျအောင် ပြောလိုက်သော မယား၏ စကားရပ်တို့ကို စိတ်ရှည်လက်ရှည် နားထောင်ပြီးသည်၏ အန္တိမ အဆုံး၌ လင်သည်မောင်သည် ကောင်းချီးသြဘာ ထောမနာပေးသောအားဖြင့် ဖိနပ်ချွတ်သို့ လှမ်းရန် အားယူနေသော ဇနီးသည်ကို ကန်ချလိုက်၏။" ……
(မောင်ခင်မင်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထုံးတည်းနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံ့လလျက်
တုပ်ကွပုဆစ်၊ (နှိမ့်ချပုဆစ်-မူကွဲ)
ဆရာစစ်၌…
ကျေးဇူးပညာ၊
များစွာဂုဏ်အင်၊ ဗေဒင်တတ်သိ
ပညာရှိဟု၊ ကဝိပုဏ္ဏား
အများသမိုက်၊ သင်္သကရိုက်ကို
မြိုက်မြိုက်လျှာဖျား၊ စက်လားရဟတ်
ပတ်ပတ်သွင်သွင်၊ နှုတ်သံလွှင်နှင့်
ပီပြင်မှုတ်မန်း၊ ဖြိုးဖြိုးဖြန်းလျက်…
(လောကသာရပျို့)
#ရှေးစာကဗျာများ
photo- ပါမောက္ခဦးထွန်းမြင့်/တက္ကသိုလ်မင်းမော်

Comments
Post a Comment