ဗဟုသုတ

လှိုင်မြို့နယ်၏ သမိုင်းကြောင်း
***************************

ရှေးက လှိုင်နယ်မြေ
============
လှိုင် ဟူသော ဝေါဟာရသည် မွန်ဘာသာအမည် ပီးလိုင် မှဆင်းသက်လာပြီး ရေများစိမ့်ထွက် ပန်းထွက်ခြင်း ဟုအဓိပ္ပယ်ရပါသည်။ တိုက်ကြီးမြို့နယ် အတွင်း ပဲခူးရိုးမတောင်စွယ်ထက်မှ မြစ်ဖျားခံလာသော လှိုင်မြစ်သည် ရန်ကုန်ုမြစ်အတွင်း စီးဝင်ခဲ့ရာ လှိုင်မြစ်ကို အစွဲပြု၍ လှိုင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ကုန်းဘောင်ခေတ် လှိုင်နယ်မြေ
==================
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၁၈၂၅ ခုနှစ်တွင် ချီတက်တိုက်ခိုက်ခဲ့သူ ဝီလဆင်(Wilson) ၏ မှတ်တမ်းအရ လှိုင်နယ်မြေမှာ ထိုစဉ်က ရွံ့နွံများ၊ ရေဝပ်သော လယ်ကွင်းများနှင့် တောအုပ်ကလေးများ ပြည့်နှက်နေကြောင်း သိရှိရပါသည်။ ကမာရွတ်ခံတပ်ကြီး၏ မြောက်ဘက် မလှမ်းမကမ်းတွင် ရှိသော လှိုင်နယ်မြေမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အတွင်း စစ်မြေပြင် ဖြစ်ခဲ့သည်။ စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်သူကြီး မဟာဗန္ဓုလသည် ယခုတပ်တွင်းကျောင်း နေရာ၌ သစ်လုံးများကာရံလျှက် ခံတပ်ဆောက်လုပ်ကာ စခန်းချ နေထိုင်ခဲ့ဖူးပါသည်။

ကိုလိုနီခေတ် လှိုင်နယ်မြေ
===============
လှိုင်နယ်မြေကို ကိုလိုနီခေတ်က အင်းစိန်မြို့နယ်အဝင် ကမာရွတ်မြို့မ (Kamayut Town Committe) အဖြစ် သတ်မှတ်ကာ တိုက်သူကြီး တစ်ဦးက အုပ်ချုပ်ရပါသည်။ ယင်းတိုက်သူကြီး၏ လက်အောက်တွင် ရပ်ကွက်နှင့်ကျေးရွာ (၁၈)ခု ပါဝင်ရာ ၎င်းတို့မှာ (၁) ကမာရွတ်ရွာမ (၂) ချောင်းဝ (၃) ကမ်းနား (၄)ကွက်သစ် (၅) ရှမ်းစု (၆) တံတားဖြူ (၇) ချောင်းစု (၈) မာလကာခြံ (၉) ဈေးပိုင်း (၁၀) မရမ်းတစ်ပင် (၁၁) သမိုင်းကုန်းရွာ (၁၂) အုတ်ကျင်း (၁၃) ကော်နာလိုင်း (၁၄) မယ်စီကုန်း (၁၅) ဆပ်သွားကုန်း (၁၆) အလီဘိုင်(သုခလမ်း) (၁၇) ဦးချိုလမ်း (ခရစ်ယာန်ခြံ (၁၈) တရုတ်စုတို့ ဖြစ်ကြပါတယ်။ ထိုစဉ်က ရပ်ကွက်ကျေးရွာ တစ်ခုစီတွင် ဆယ်အိမ်ခေါင်းများ ခန့်ထားအုပ်ချုပ်စေခဲ့ပါတယ်။ လှိုင်နယ်မြေအတွင်း ရှေးဟောင်းမွန်ဘာသာဘွဲ့မည်ဖြင့် ဘုရားစေတီ တချို့လည်း ရှိပါသည်။ ထင်ရှားသော ဘုရားများမှာ ကျိုက်ဒေးခလုတ်(၁၀) ရပ်ကွက်၊ ကျိုက်ဘာဒီ (၁၂) ရပ်ကွက် တို့ဖြစ်ကြသည်။

မျက်မှောက်ခေတ် လှိုင်နယ်မြေ
==================
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် လှိုင် ကိုဒေသစိတ်တစ်ခု အဖြစ် သတ်မှတ်ကာ ကမာရွတ်ဒေသစိတ်၊ မရမ်းကုန်းဒေသစိတ် တို့နှင့်အတူ ပူးပေါင်းလျှက် အမှတ်(၃) ဒေသစိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး စတင်ချိန်တွင် လှိုင် သည်သီးခြားခွဲထွက်ကာ မြို့နယ်ဖြစ်လာပြီး ၁၉၇၄ ခုနှစ်တွင် ရပ်ကွက်(၁၆)ခုဖြင့် ရပ်တည်ခဲ့သည်။

တို့ဗမာ အစည်းအရုံး
============
ယခင်က ကမာရွတ်တိုက်နယ် (ယခုလှိုင်နယ်မြေ) အတွင်းမှ တို့ဗမာ အစည်းအရုံး လှုပ်ရှားမှုကို ၁၉၃၄ ခုနှစ်တွင် စတင်ခဲ့သည်။ (၁၂-၃-၁၉၃၄) တွင် တို့ဗမာအစည်းအရုံး ဆိုင်းဘုတ်ကို အလိုတော်ရိများမှ ခဲ၊ ပုလင်းများနှင့် ပစ်ပေါက်နေသည့်ကြားမှ တင်ခဲ့ကြသည်။ ကမာရွတ် ရှမ်းစု (၂) လမ်းထိပ်အနီး ရန်ကုန်အင်းစိန်လမ်းမထက် အမှတ်(၇၆) ရှိ မျိုးညွန့် ဆံပင်ညှပ်ဆိုင်တွင် တို့ဗမာအစည်းအရုံးကို စတင်ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပြီး ထိုစဉ်က ဥက္ကဌမှာ သခင်ဘရှင် (ရဲဘော်သုံးကျိပ် ဗိုလ်မိုး၏ ဖခင်) ၊ ဆော်သြရေးမှူး အဖြစ် သခင်ငွေ (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင်) တို့က ဆောင်ရွက်ခဲ့ကြသည်။ ကမာရွတ်ရှမ်းစု ဆရာမကြီး ဒေါ်ညိမ်းနု၏ကျောင်းမှ လက်ထောက်ဆရာကလေး ကိုဘအေး (သခင်အမည်မခံ) နှင့် သခင်ခင်မောင် (အတွင်းရေးမှုး) တို့က တွဲဖက်တာဝန် ထမ်းဆောင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
=======================
စစ်အစိုးရ လက်ထက်တွင် မြို့နယ်အသီးသီးရှိ NLD အလုပ်အမှုဆောင်များ၊ ပါတီဝင်များအား ဖမ်းဆီးနှိပ်စက်ထောင်ချ ခြိမ်းခြောက် စသည့် နည်းမျိုးစုံဖြင့် ဖိနှိပ်ဖြိုခွဲ၊ NLD မြို့နယ်ရုံးများကို ဆိုင်းဘုတ်များ ဖြုတ်ချခဲ့သော်လည်း လှိုင်မြို့နယ် NLD ရုံးမှာ ဆိုင်းဘုတ် မကျခဲ့ဘဲ ကြံ့ကြံ့ခိုင် ရပ်တည်နိင်ခဲ့သည်။

Comments

Popular posts from this blog

မြန်မာကဗျာပုံသဏ္ဌာန်

ပဌာန်းတရားတော်

ဘာသာစကားဆိုင်​ရာ စာအုပ်​များ