“ဘကြီးအောင်ညာတယ်” “အရှေ့ကျောင်းသား သူတောင်းစား၊ လယ်ပေါ် ကျောင်းသား အကောင်းစား။ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို။ ဟေ့လာမောင်ရို့ဝါး” ဟု အားရပါးရ ဆူညံစွာ အော်ဟစ် ပြေးလွှားလာကြသော ကလေး တစ်စုသည်ကား လယ်ပေါ် ဘုန်းကြီး ကျောင်းသားကလေးများ ဖြစ်ကြ၏။ ယင်းတို့ ကျောဘက် တင်းချ လယ်တစ်ကွက်လောက် အကွာတွင် ချည်လုံချည်ကို ပြာတာကွင်း သိုင်း၍ သင်တိုင်း အင်္ကျီကို လျော့ရိလျော့ရဲ ၀တ်လျက် ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧ၀ံမေသုတံ ဧကံသမယံ”ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက် အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ ကနားဖျင်းထဲ၌ ကျောင်းသား သူငယ်ချင်းများ ၀ိုင်းအုံ နေသည်ကို တွေ့ရလေသည်။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွား တိုးဝင်ကြည့်ရှုလေ၏။ ဦးအောင်ချာသည် ဆင်စွယ် မင်းသမီး ရုပ်ကလေး တစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စ ဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နောင်းဖြူဖွေး ချစ်စရာကလေး ဖြစ်ပေ၏။ အတန်ကြာသော အခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစံ၊ ဖိုးလှတို့ တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွ