ခေတ်​အလိုက်​ ဘုရင်​အမည်

''ခေတ်အလိုက် ဘုရင်အမည်များ ရှင်းလင်းချက်'' 

ရှေးခေတ် ဘုရင်တွေကို ခေါ်တဲ့အခါ ဘွဲ့တော်အတိုင်း မဟုတ်ဘဲ ပြည်သူလူထု အများသိကြတဲ့ အမှတ်အသားအတိုင်း ခေါ်ကြတယ် ဆိုတာ သတိထားမိကြမှာပါ။ ဘိုးတော်ဘုရား၊ အလောင်းဘုရား၊ တရုတ်ပြေးမင်း၊ အနောက်ဘက်လွန်မင်း စသည်ဖြင့် ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာလို့ အဲလို ခေါ်ကြလဲ ဆိုတာတော့ မေးကြည့်ရင် မသိတဲ့သူ များပါတယ်။ ဒါ့ကြောင့် ရာဇဝင်ကို စိတ်ဝင်စားပြီး လျှောက်ဖတ်နေတတ်တဲ့ သူတစ်ယောက်အနေနဲ့ သိသလောက်လေး ပြန်လည်မျှဝေပါဦးမယ်။

#ပုဂံခေတ်

ပျူစောထီး - ပျူစောထီးကို ပျူခေတ်၊ သရေခေတ္တရာခေတ်တွေနဲ့ မှားတတ်ပါတယ်။ အမှန်က ပျူစောထီးဆိုပေမယ့် ပျူခေတ် (ရှေးအရေး - ပြူ) မှာ မဟုတ်ဘဲ ပုဂံခေတ်အစမှာပါ။ ပျူလူမျိုး စောထီးဖြစ်တာကြောင့် ပျူစောထီးလို့ ခေါ်ပါတယ်။ သူတို့ခေတ်က အိန္ဒိယ၊ တရုတ်၊ ရှမ်း စတဲ့ ယဉ်ကျေးမှုတွေ ရောထွေးနေပါတယ်။ သူ့နာမည်ကိုက ပျူ - ပျူလူမျိုး၊ 
စော - (ရှမ်းဘာသာဖြင့်) မင်းသား… အုပ်စိုးသူ၊ 
ထီး (တရုတ်ဘာသာဖြင့်) မင်း လို့ အဓိပ္ပါယ်ရပါတယ်။ 

စလေငခွေး - ဘုရင့်ညီတစ်ပါး စလေအရပ် ပြေးပုန်းရာက ရလာတဲ့မြေး ငခွေး မင်းဖြစ်တော့ စလေငခွေးမင်း လို့ ခေါ်ကြပါတယ်။

တောင်သူကြီးမင်း - သူ့ယာခင်းထဲ ဝင်စားတဲ့ ဘုရင်ကို တူရွင်းငန်းပြားနဲ့ ရိုက်သတ်လိုက်လို့ ဘုရင်ဖြစ်လာတဲ့ တောင်သူကြီးတစ်ဦးပါ။ ဒါ့ကြောင့် တောင်သူကြီးမင်းလို့ ခေါ်ပါတယ်။

ကွမ်းဆော်ကြောင်ဖြူမင်း - အနော်ရထာရဲ့ ဖခင် ဖြစ်ပြီး သူ့အဖေ အသတ်ခံရလို့ ကြောင်းဖြူအရပ်ကို ပြေးလာရင်း ကွမ်းဆော် ဝင်လုပ်နေရာက သီလစောင့်တဲ့ ဘုရင့်သွေးဖြစ်တာကြောင့် မင်းလောင်းအဖြစ် ပေါ်ပြီး တောင်သူကြီးမင်း အလိုလို သေပေးရပါတယ်။ (သူမင်းလောင်းဖြစ်တဲ့နေ့မှာ တောင်သူကြီးမင်းက ငါရှိနေလျက်နဲ့ ဘယ်သူ မင်းလောင်း ပေါ်သလဲ ဆိုပြီး ဒေါသနဲ့ ထွက်အကြည့် လှေကားရင်းက ရုပ်တုက တင်းပုတ်နဲ့ ထုသတ်လိုက်တယ် လို့လည်း ဆိုပါတယ်။ လှေကားက လိမ့်ကျတယ် လည်း ပြောကြပါတယ်။ ဒါတွေ အတည်မယူနဲ့ပေါ့ဗျာ။ ဗဟုသုတအနေနဲ့ပဲ ထားပေါ့။ အဓိက က မင်းလောင်းပေါ်တဲ့နေ့ သူသေတယ် ဆိုတာပဲလေ) ကြောင်ဖြူ လို့ ခေါ်ရခြင်း နောက်တစ်ကြောင်းကတော့ အနော်ရထာရဲ့ အစ်ကိုဝမ်းကွဲ စုက္ကတေးက သူ့ကို ဥပါယ်တံမျဉ်နဲ့ ဘုန်းကြီးဝတ်ပေးပြီး နန်းသိမ်းလိုက်လို့ နောင် အနော်ရထာ မင်းဖြစ်တော့ သူ့အဖေ ဘုန်းကြီးကို ကျောင်းဖြူကြီးတစ်ဆောင် ဆောက်လုပ်ပေးတယ် လို့ ဆိုပါတယ်။ ကျောင်းဖြူမင်း ကနေ ကြောင်ဖြူ ဖြစ်လာတာပါတဲ့။ မှတ်ရုံပေါ့ဗျာ။

ကုလားကျမင်း - အလောင်းစည်သူရဲ့ သားတော်လတ် နရသူကို ကုလား သူရဲကောင်း ၈ ယောက်က လုပ်ကြံခံရလို့ ကုလားကျမင်း လို့ ခေါ်ပါတယ်။

ထီးလိုမင်းလိုမင်း - နရပတိစည်သူရဲ့ သားတော်ငယ် ဇေယျသိင်္ခ ကို သားတော်ကြီးတွေနဲ့တကွ ထီးဖြူတော်ကပါ အလိုရှိတဲ့ မင်းဖြစ်လို့ ထီးလိုမင်းလိုမင်းလို့ ခေါ်ပါတယ်။ ဇေယျသိင်္ခက သိမ်မွေ့ယဉ်ကျေးတယ် နားလည်တတ်တယ် အရိပ်အခြည် ကြည့်တတ်တယ်။ အစ်ကိုတွေကို ပေါင်းတတ်လို့ အစ်ကိုတွေက နှစ်လိုရုံမက ခမည်းတော် နတ်ရွာစံခါနီးမှာ မင်းဖြစ်ထိုက်သူကို ထီးဖြူယိမ်းစေသတည်းလို့ အဓိဌာန်ပြီး မင်းသားတွေအလယ်မှာ ထီးဖြူစိုက်လိုက်တာ ဇေယျသိင်္ခဘက်ကို ထီးဖြူလဲပါတယ်။ 

တရုတ်ပြေးမင်း - နရသီဟပတေ့မင်းလက်ထက် တရုတ်တွေ ပြည်အထိ ဝင်တိုက်သွားလို့ ထွက်ပြေးရတာနဲ့ တရုတ်ပြေးမင်း အမည်တွင်သွားပါတယ်။ ပုဂံခေတ်လည်း ပျက်သွားပါတယ်။ 

#ပင်းယ_စစ်ကိုင်းခေတ် 

တစ်စီးရှင် သီဟသူ - သီဟသူမင်းလက်ထက်မှာ ဆင်ဖြူမ အသေကောင် ရေထဲ မျောလာတာတွေ့လို့ ဆယ်ယူထူမပြီး တက်စီးကာ တစ်စီးရှင်ဘွဲ့ခံပါတယ်။ ဆင်ဖြူရှင် ဖြစ်ချင်လွန်းတဲ့ ဘုရင်ပေါ့။

ငါးစီးရှင် ကျော်စွာ - အလွန်ဘုန်းကြီးပြီး တရားပြည့်ဝတဲ့ ကျော်စွာမင်း လက်ထက်မှာ ဆင်ဖြူ ငါးစီး ရပါတယ်။

#အင်းဝခေတ် 

သတိုးမင်းဖျား - သတိုးမင်းဖျား ဟာ အင်းဝမြို့တော်ကို ဦးဦးဖျားဖျား စတင် တည်ထောင်သူဖြစ်လို့ သတိုး မင်းဖျားလို့ ခေါ်တွင်ပါတယ်။ 

ကလေးကျေးတောင်ညို၊ မိုးညှင်းမင်း - ဒီမင်းတွေကတော့ ထုံးစံအတိုင်း ကလေးကျေးတောင်ညို၊ မိုးညှင်း အစရှိတဲ့ မြို့ရွာတွေကို စားရသူတွေ မင်းဖြစ်လာလို့ သူတို့ စားရတဲ့ မြို့အမည်အတိုင်း ခေါ်ကြတာပါ။ သမိုင်းမှာ မြေဒူးမင်း၊ ဗဒုံမင်း၊ စစ်ကိုင်းမင်း၊ သာယာဝတီမင်း စသည်ဖြင့် သူတို့ မင်းသားဘဝက စားခဲ့တဲ့ မြို့ရွာတွေကို အစွဲပြုပြီး ခေါ်ကြတာ များပါတယ်။

ရွှေနန်းကျော့ရှင် - ဒုတိယမင်းခေါင်ရဲ့သားတော် နရပတိလက်ထက်မှာ နန်းတော်အသစ်ဆောက်တာ လှပကျော့ရှင်းလွန်းတာကြောင့် ရွှေနန်းကျော့ရှင် ခေါ်ပါတယ်။ ရာဇဝင်မှာ နာမည်ကြီးတဲ့ ယိမ်းနွဲ့ပါးဓားရဲ့ ပိုင်ရှင်ပေါ့။ အဲဒီဓားနဲ့ ရှမ်းသိုဟန်ဘွားကို ခုတ်သတ်လိုက်တဲ့ မင်းကြီးရန်နောင် ဆိုတာ ဘုရင် မဟုတ်ပါဘူး။ သက်တော်ရှည်အမတ်ကြီးပါ။ သိုဟန်ဘွား သေလို့ သူ့ကို နန်းတင်ကြတာတောင် လက်မခံဘဲ အုန်းဘောင်ခုံမှိုင်းကို နန်းတင်ကြ ဆိုပြီး တောထွက် ရဟန်းပြုသွားပါတယ်။

#တောင်ငူခေတ် 

တပင်ရွှေထီး - မွေးကာစက ရွှေရောင်ဆံပင်တစ်ချောင်း ပါလာတာကို အစွဲပြုပြီး တပင်ရွှေထီး ခေါ်ကြတာပါ။ နာမည်ရင်းကလည်း ရွှေထီးပါပဲ။

ဘုရင့်နောင် - မင်းတရားရွှေထီးရဲ့ အစ်ကိုလို ယောက်ဖလို တော်စပ်သူမို့ ဘုရင့်နောင်လို့ ခေါ်ကြတယ်။ နာမည်ရင်းက မောင်ခြတက် ဖြစ်ပြီး ဘွဲ့အမည်က သျှင်ရဲထွတ် ဖြစ်ပါတယ်။ နောင် ကျော်ထင်နော်ရထာဘွဲ့ ခံရပါတယ်။ မြန်မာ့သမိုင်းမှာ နိုင်ငံကို အကျယ်ဆုံး ထူထောင်ခဲ့တဲ့ ဘုရင်တစ်ပါးပါ။

ငါးဆူဒါယကာ - နာမည်ကြီးဘုရားငါးဆူ တည်ခဲ့လို့ ဘုရင့်နောင်ရဲ့သား နန္ဒဘုရင်ကို ငါးဆူဒါယကာမင်း လို့လည်း ခေါ်ကြပါတယ်။

#ညောင်ရမ်းခေတ် 

ညောင်ရမ်းမင်း၊ အနောက်ဘက်လွန်မင်း - နန္ဒဘုရင်ရဲ့ ညီတော် ညောင်ရမ်းစား မင်းရဲနန္ဒမိတ် အင်းဝမှာ နန်းတက်လာပြီး သူ့သားတော်လက်ထက်မှာ ပေါ်တူဂီငစင်ကာနဲ့ နတ်သျှင်နောင်ကို နိုင်ပါတယ်။ ဒါပေမယ့် ပဲခူးချောင်းအနောက်ဘက်ကမ်း ယာယီနန်းတော်မှာ လုပ်ကြံခံရပြီး နတ်ရွာစံလို့ အနောက်ဘက်လွန်မင်းလို့ ခေါ်ကြတယ်။

သာလွန်မင်း - သူ့လက်ထက်မှာ အရင်မင်းတွေထက် တိုင်းပြည် သာလွန်တိုးတက် စည်ကားငြိမ်းချမ်းခဲ့လို့ သာလွန်မင်း အမည်ရတာပါ။

ဆင်ကြားရှင် - စနေမင်းရဲ့ညီ ပုဂံမင်းကြီးသား သာလှ ဆိုသူကို မွန်တွေ ကွေ့တွေက သမိန်ထောအမည်နဲ့ နန်းတင်ကြပါတယ်။ သူ့လက်ထက်မှာ ယိုးဒယားနယ်စပ်က ဆင်ကြားကို တောင်းခိုင်းတာ မရလို့ မွန်ဆင်မှုးတွေကို ခိုးခိုင်းပြီး ဆင်ကြားရှင်ဘွဲ့ ခံပါတယ်။

ဟံသာဝတီပါမင်း - အင်းဝခေတ် နောက်ဆုံးမင်းဖြစ်ပြီး မွန်တွေ တိုက်ခိုက်သိမ်းပိုက်တာ ခံရလို့ ဟံသာဝတီကို ခေါ်သွားခံရပြီး နောင် ရေချ သတ်ခံလိုက်ရပါတယ်။ အလောင်းမင်းတရား လက်ထက်မှာ ဒီမင်းကို လေးစားသောအားဖြင့် ဟံသာဝတီပါမင်းလို့ ခေါ်ရင် ကွပ်မျက်မယ် လို့ အမိန့်တော် ထုတ်ခဲ့ရတယ်။

#ကုန်းဘောင်ခေတ် 

အလောင်းဘုရား - တတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့ပြီး ငယ်စဉ်ကတည်းက မင်းလောင်းအဖြစ် ကျော်ကြားလို့ အလောင်းမင်းတရားလို့ ခေါ်တွင်ကြပါတယ်။ ယိုးဒယားကို တိုက်တုန်း ကွယ်လွန်သွားလို့ အလောင်းကို ဆင်ပေါ်တင်တိုက်တာတောင် တိုက်ပွဲနိုင်တယ်၊ ဒါ့ကြောင့် အလောင်းဘုရားလို့ ခေါ်တယ် ဆိုတာ မဟုတ်ပါဘူး။ ပါးစပ်ရာဇဝင်ပါ။ တကယ်တော့ တိုက်နေတုန်း နာမကျန်းလို့ ပြည်တော်အပြန်မှာ ကင်းရွာအနီးရောက်မှ နတ်ရွာစံသွားတာ ဖြစ်ပါတယ်။

နောင်တော်ကြီးမင်း - အလောင်းမင်းတရားရဲ့သားတော် မင်းအဆက်ဆက်တို့ရဲ့ အကြီးဆုံး နောင်တော်ကြီးမို့ နောင်တော်ကြီးမင်း ခေါ်ကြတယ်။

ဆင်ဖြူရှင် - အလောင်းဘုရား သားတော်လတ် မြေဒူးမြို့စားမင်းသားဖြစ်ပြီး ဘုန်းလက်ရုံး အလွန်ကြီးပါတယ်။ ယိုးဒယား တရုတ်တို့ကို နိုင်တဲ့မင်းပါ။ သူလည်း ဆင်ဖြူရလို့ ဆင်ဖြူရှင် တွင်ပါတယ်။

ဘိုးတော်ဘုရား၊ ဘကြီးတော်မင်း - ပုဂံမင်း၊ မင်းတုံးမင်း၊ ကနောင်မင်း မင်းညီနောင် ၃ ပါးတို့ရဲ့ အဘိုးတော်လို့ ဘိုးတော်ဘုရား၊ ဘကြီး တော်လို့ ဘကြီးတော်မင်း လို့ ခေါ်ကြပါတယ်။ ဘိုးတော်ဦးဝိုင်းကို ဗဒုံမင်း လို့လည်း ခေါ်ကြသေးသလို ဘကြီးတော်မင်းကိုလည်း စစ်ကိုင်းမင်း လို့ ခေါ်ကြပါသေးတယ်။ 

သာယာဝတီမင်း - ဘကြီးတော် စစ်ကိုင်းမင်းရဲ့ ညီ သာယာဝတီမြို့စား မင်းသားကို နန်းမတော် မယ်နုနဲ့ မောင်အိုတို့ လုပ်ကြံလို့ အထက် ရွှေဘိုကနေ ပြန်ပုန်ကန်ရာက နန်းရလာတာကြောင့် သာယာဝတီမင်းကိုပဲ ရွှေဘိုမင်း၊ ကုန်းဘောင်မင်း ဆိုပြီး အမည် ၃ မျိုးနဲ့ ခေါ်ကြပါတယ်။

စကြ်ာမင်းသား - စစ်ကိုင်းမင်းရဲ့ သားတော် ညောင်ရမ်းမင်းသားလေးဟာ မွေးစဉ်က တစ်ပြည်လုံး ငလျင်လှုပ် လက်နက်အရောင်ထွက် စတဲ့ နိမိတ်ကြီးတွေနဲ့ မွေးဖွားလာပြီး စကြ်ာမင်းဖြစ်မယ့်သူ လို့ ကျော်ကြားခဲ့ပေမယ့် နောင် ဦးရီးတော် သာယာဝတီမင်းက ပုန်ကန်မှုမှာ ပါတယ်ဆိုပြီး ရေချ ကွပ်မျက် ခံလိုက်ရပါတယ်။ 

ပုဂံမင်း၊ မင်းတုန်းမင်း၊ ကနောင်မင်း၊ သီပေါမင်း - ဒီ ကုန်းဘောင်ဆက် နောက်ဆုံးမင်းတွေက သူတို့ မင်းသားဘဝက စားရတဲ့ မြို့တွေကို အစွဲပြုပြီး ခေါ်ကြတာ ဖြစ်ပါတယ်။

#cd
#သင်္ခရာဇာ.

Comments

  1. The top casinos of 2021 | Dr.MD
    The top casinos of 충청남도 출장샵 2021 포천 출장샵 · 1. 서산 출장안마 BetMGM Casino 춘천 출장샵 · 2. Wild Casino · 3. Planet 밀양 출장샵 7 Casino · 4. Café Casino · 5. Jockeys Casino · 6. Slots of Vegas · 7. The Jackpot

    ReplyDelete

Post a Comment

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ