စကားထာ

" မြန်မာ့ရိုးရာ စကားထာ "
••••••••••••••
              စကားထာ ဆိုသော ဝေါဟာရ၏ အနက်ကို 
အချို့ ပညာရှိများက 'စကား+အတ္ထ=စကတ္ထ' ထိုမှ
တစ်ဆင့် "စကားထာ" ဟူ၍ ဖြစ်လာကြောင်း ပြော၏။
အဓိပ္ပါယ်မှာ စကား၏ အနက်ကို ဆိုလိုပါသည် ။
            အချို့  ပညာရှိများကလည်း 'စကား+ထပန'
ဟူသည့် ပုဒ် နှစ်ခုကို မြန်မာ့အသံဖြင့် ပေါင်း၍ဖတ်လျှင်
'စကားထာပနာ' ဟူ၍ ရသည်ဖြစ်ရာ အတိုကောက်
အားဖြင့် "စကားထာ" ဟု တွင်လာကြောင်း ပြောပါသည်။
              စကားထာ များကို အမျိုးအစား အားဖြင့် 
( ၆ ) မျိုး ခွဲခြားဖေါ်ပြထားပါသည် ။ ယင်းတို့ မှာ -
( ၁ )  စကားထာ ရိုးရိုး       ( ၂ )  စကားလိမ်
( ၃ )  စကားဝှက်              ( ၄ )  သင်္ချာ စကားထာ
( ၅ )  ပုစ္ဆာ စကားထာ        ( ၆ )  ပုံပြင် စကားထာ
ဟူ၍ ဖြစ်ပါသည် ။
             
          စကားထာ ရိုးရိုး ဆိုသည်မှာ အများသိကြပြီး
ဖြစ်သည့် ဥပမာအားဖြင့် ဖြစ်စေ အနက်အားဖြင့် ဖြစ်စေ
ဆိုလိုရင်းကို ဖုံးကွယ်၍ ဝှက်သော စကားထာ မျိုး ဖြစ်
ပါသည် ။ 
သွားတော့ခွေခွေ နေတော့စင်းစင်း  = ခေါင်းခု
မြစ်လယ်ကောင် သောင်ထွန်း
နတ်သမီး နေတဲ့ကျွန်း                 = ကျောက်ပြင်
            ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ ဤသဘော
မျိုးနှင့် ဝှက်သော စကားထာ မျိုးများကို စကားထာ
ရိုးရိုး ဟု ခေါ်ဆိုအပ်ပါသည် ။

          စကားလိမ် ဆိုသည်မှာ စကားကို ကာရန်အားဖြင့်
ရှေ့ နောက် လိမ်လည်၍ လည်းကောင်း အလျားလိုက်
လိမ်ပတ်၍ လည်းကောင်း ပြောဆိုသော စကားမျိုး ဖြစ်
လေသည် ။ဤ စကားထာ တွင်မူ အနက် အဓိပ္ပါယ်ကို
မြုပ်နှံ၍ မထား နှိုက်၍ ယူရန်မလို ။ သူ့ အဖြေ နှင့် သူ
ရှိနှင့်ပြီး ဖြစ်၏ ။
  မေး ။   တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး
             အဖျား ခပ်သွယ်သွယ် ။
  ဖြေ ။   အိမ်ကြိုအိမ်ကြား မွေးသည့်သား
             စကား ခပ်ကြွယ်ကြွယ် ။
  မေး ။   ပုဝါပါး ကြက်သားတုပ်တော့ စွန်းတက်တယ် ။
  ဖြေ ။   တစ်ရွာသား ရည်းစာလုပ်တော့ လွမ်းတက်တယ်။
  မေး ။   ခမောက်ဖျား  စပါးသီး ။
  ဖြေ ။   သဘောက်သား  စကားကြီး ။
           စသည်ဖြင့် အခြေအတင် ပြောဆိုသော စကားမျိုး
များ ဖြစ်ပေသည် ။ ထိုစကားများတွင် အစအဆုံး ကာရန်
ညီသည်လည်း ရှိ၍ မညီသည်လည်း ရှိတက်၏ ။ တစ်ခါ
တစ်ရံ ကာရန် လုံးဝ မညီပဲ အလိုက်သက်သက် ဖြင့်ပင်
ပြောသည်လည်း ရှိပေသေးသည် ။
           နောက်စကားလိမ် တစ်မျိုးမှာ ကာရန် ရှေ့ နောက်
ပြန်လှန်ကာလိမ်၍ ပြောသော စကားမျိုး ဖြစ်သည် ။
'လောကဓံ' ကို 'လံကဓော' 'နောင်မှသိ' ကို 'နိမှသောင်'
'လင်မလာ' ကို 'လာမလင်' စသည်ဖြင့် ရှေးကဗျာ သီချင်း
များတွင် အသုံးပြုသည့် စကားမျိုး ဖြစ်ပေသည် ။
   မေး ။   နုမုတစ်စ  နုပေ  အယုစိတ် ။
   ဖြေ ။    နွားမတစ်စု  နေပူ  အရိပ်စု ။
   မေး ။   ဝယင်ဘုံ  ဂျူအိုး တေလာလောင်လို့  အ ကို
              ကျောက်  လောက်ကလေးကကူ ။
   ဖြေ ။    ဝါးရုံပင် ချိုးအု  တောင်လေ လာလို့  အောက်
              ကိုကျ  လူကလေးက ကောက် ။
            ဤ စကားထာ မျိုးမှာ အနက်အဓိပ္ပါယ်ကို 
နက်နက်နဲနဲ နှိုက်ချွတ်၍ ရှာဖွေ ဖေါ်နေဖို့ မလို ။ သူ့ အဖြေ
နှင့် သူ အလိုက်တသင့် ရှိပြီး ဖြစ်သဖြင့် ဗဟုသုတ အကြား
အမြင် များဖို့ လိုသည် ။ ဟာသ သဘောနှင့် အခြေအတင်
ပြန်လည်ချေပ ပြောတက်ဖို့ လိုသည် ။ လျင်မြန်သော
ဇဝန ဥာဏ် ရွှင်သော ဟာသဥာဏ် ရှိဖို့ လိုသည် ။ တစ်ဦး
က ဝှက်လျှင် တစ်ဦးက လျင်လျင်မြန်မြန် ပြန်လည် ချေပ
ဖြေဆို နိုင်ဖို့ လိုသည် ။ ဤ စကားထာမျိုးသည် နှုတ်သွက်
ရန် လေ့ကျင့်ပေးသော လေ့ကျင့်ခန်းများ ဖြစ်ပေသည် ။

           စကားဝှက် ဆိုသည်မှာ စကား တစ်လုံးစီ တစ်လုံး
စီ ကို ဝှက်၍ ထားရာ ယင်းတို့ ကို စုပေါင်း ဖြေဆို လိုက်
သောအခါ လိုအပ်သော အဖြေ ထွက်လာလေသည် ။
အချို့  စကားဝှက်ကမူ ဝှက်ထားသော စကားလုံးကို 
စကားလိမ် အဖြစ် ပြန်၍ ယူမှ လိုအပ်သော အနက်တို့ ကို
ရသည်လည်း ရှိပေသည် ။တစ်ချိန်က နာမည် ကျော်ခဲ့သော 
" ချစ်ခြင်းတူပါလား "ဆိုသည့် စကားမျိုးသည် စကားဝှက်
ဖြစ်လေသည် (သီးသန့်  ဖေါ်ပြပေးပါမည် ) ။
  မေး ။   စံပယ်ဖူးစ  ဆီးယောင်းမ ။
  ဖြေ ။   ငုံမွှေ  =  ငွေမှုန် ။
  မေး ။   ကန်၏တန်ဆာ တံငါ၏လက်နက် ။
  ဖြေ ။   ကြာပိုက်  =  ကြိုက်ပါ ။
  မေး ။   ကောင်းကင်၏တန်ဆာ  လူမလိမ္မာ ။
  ဖြေ ။   ကြယ်မိုက်  =  ကြိုက်မယ် ။
            စသည်ဖြင့် ပြောဆိုကြသော စကားမျိုး ဖြစ်လေ
သည် ။ ဤစကားမျိုးမှာ ကိုယ့်ဘာသာကိုယ် တီထွင် ကြံဆ
၍ ပြောလျှင်လည်း ဖြစ်နိုင်သည် ဖြစ်ရာ ရုပ်သေးပွဲ အငြိမ့်
ပွဲ ဇာတ်ပွဲ များမှလူပြက်များ ဆိုင်းနောက်ထတို့ က ထင်ရာ
မြင်ရာ ပြောကြ သဖြင့် ရောက်တက်ရာရာ စကားမျိုးတွေ
ဖြစ်နေသည်ကိုလည်း တွေ့ ရပါသည်။

           သင်္ချာ စကားထာ ဆိုသည်မှာကား ဂဏန်း 

သင်္ချာ
အက္ခရာ သင်္ချာ နည်းတို့ ဖြင့် တွက်ချက်၍ ယူရသော
စကားမျိုး ဖြစ်ပါသည် ။ ဥပမာ အားဖြင့်
  -  ကျွန်အသက်  သပြေခက်    =  ၁၆  နှစ်
  -  အလံတစ်ရာမြွေ တွင်းမှာခွေ တစ်နေ့  လက်နှစ်သစ်
      ကွန်မ သက္ကရဇ်   =  ၁၃  နှစ်  ၄  လ ။
              စသည်ဖြင့် သင်္ချာသဘောနှင့် ဂဏန်းချ၍ 
တွက်ချက် ယူရသော စကားထာ မျိုးများ ဖြစ်ပေသည် ။
ဤစကားထာ မျိုးများကို ဝှက်ဆိုကြသဖြင့် ရှေးခေတ်က 
လုလင်ပျို လုံမပျို များသည် အတွက်အချက် ပညာတွင်
ကျွမ်းကျင်သွားကြပေသည် ။ ယင်းသို့ တွက်ချက်ရာတွင်
လျင်မြန်မှု မှန်ကန်မှုကို အဓိက ထားပေသည် ။ ရှေးခေတ်
လူငယ်များသည် ကျောင်းမှ ထွက်လာကြသည့်တိုင် 
ပေါ့ပေါ့ဆဆ မနေကြပဲ စာပေ ပညာ အတွက်အချက် 
ပညာများကို တိုးတက်သည်ထက် တိုးတက်အောင်
စကားထာများဖြင့် လေ့ကျင့်၍ နေကြပေသည် ။

          ပုစ္ဆာ စကားထာ ဆိုသည်မှာကား

 သင်္ချာစကားထာ
မျိုးများနှင့် ခပ်ဆင်ဆင်ပင် ဖြစ်သည် ။ စိတ်ဝင်စားဖွယ်
ဝတ္ထုကလေးတစ်ခု သဏ္ဌာန် နှင့် ဖန်တီး၍ အမေးပုစ္ဆာ
ပြုလုပ်ပြောဆိုသော စကားမျိုး ဖြစ်ပေသည် ။ (ပုစ္ဆာ
စကားထာများကို သီးသန့်  ဖေါ်ပြ ပေးပါမည် ။ )
           ပုံပြင် စကားထာ ဆိုသည်မှာကား တစ်စုံတစ်ခု
သော ပြဿနာကိ တင်ပြ ဆွေးနွေးလို၍ ပုံပြင်ကလေး
တစ်ခု ပြောပြကာ ထိုပုံပြင်ထဲတွင် မည်သူ အကြီးဆုံး
နည်း ။မည်သူ သစ္စာ အရှိဆုံးနည်း စသည်ဖြင့် ဥာဏ်စမ်း
၍ ပြောဆိုသော စကားမျိုးကို ပုံပြင် စကားထာ ဟု
ခေါ်လေသည် ။ ဤပုံပြင် စကားထာမျိုးသည် ရိုးရိုးပုံပြင်
ဒဏ္ဍာရီ များနှင့် မတူချေ။တစ်စုံတစ်ခုသော ရည်ရွယ်ချက်
နှင့် လိုအပ်သော သဘောထားကို မြုပ်နှံ၍ ဖြေသူ၏ 
အာဘော်ကို တောင်းဆိုသော စကားမျိုး ဖြစ်ပေသည် ။
အဖြေကို ရရှိသော အခါတွင်မှ ဤသူသည် ရိုးသည် ဆန်း
သည် ကောက်ကျစ်သည် စသည်ဖြင့် ကောက်ချက်ချ၍ 
အဆုံးအဖြတ် ပေးနိုင်သော စကားထာမျိုး ဖြစ်ပေသည် ။
     ဤ စကားထာ ( ၆ ) မျိုးသည် မြန်မာ့ လူနေမှု စရိုက်
နှင့် ရင်းနှီးစွာ ဆက်သွယ် ပေါင်းစပ်၍ နေလာခဲ့ပေသည် ။
ယနေ့  အခါတွင် စကားထာ ဝှက်ကြသော အလေ့အထများ
အတော် အားနည်းသွားကြလေပြီ ဖြစ်လေသည် ။
    ထို့ ကြောင့် မြန်မာ့ စကားထာများ ပြန်လည် ဖွံ့ ဖြိုး
ရှင်သန်လာစေရန် အတွက် မြန်မာ့ ကျမ်းကြီး ကျမ်းခိုင်
များမှ စကားထားများကို ဖေါ်ပြ ပေးသွားပါမည် ။

ကြည်ဦး  -  မြန်မာ့ ရိုးရာ စကားထားများ မှ
                စကားထာ မိတ်ဆက် < စာမျက်နှာ ၂၀ >Credit ဓါတ်ပုံပိုင်ရှင်

Comments

  1. ဒီမေးခွန်း
    အဖြေကိုသိပါလားခင်ဗျ
    "အတောင်တစ်ရာမြွေကြွင်းထဲခွေတစ်နေ့လက်တစ်ဆင့်ကျွန်မသကရာဇ်"

    ReplyDelete

Post a Comment

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ