စကားပြေကောင်း

တက္ကသိုလ်ဝင်တန်း
မြန်မာဘာသာရပ်

 ဦးသန့်ဇင် (ကံ့ကော်ကောင်းကင်)

သောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်း စကားပြေ လေ့လာချက်
ကလေးရေ

 စကားပြေလက်ရွေးစဉ်မှာ စကားပြေအမျိုးအစားအတော်စုံလင်အောင် ရွေးချယ်ဖော်ပြလေ့လာစေတယ်နော်။ သောနသောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်းဆိုတာက ၀တ္ထုစကားပြေဟန်နဲ့ ရေးထားတာပါကလေး။ တိတိကျကျပြောရရင်တော့ ကာရန်ချိတ်စကားပြေဟန်နဲ့ ရေးထားတဲ့ ၀တ္ထုပေါ့။ စလေဦးပုညက ရဟန်းတော်များအတွက် တရားဟောစာအဖြစ် ရည်ရွယ်ရေးဖွဲ့လို့ ဟောစာဝတ္ထုလို့လည်း ခေါ်ပါသေးတယ်။ နာကြားသူ စိတ်ညွှတ်နူးခံစားရလေအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့တန်ဆာဆင်ပြီး ရေးဖွဲ့ထားတာပါ။

 ငါးရာ့ငါးဆယ် တိံသနိပါတ် ဆဒ္ဒန္တဇာတ်ကို  ပါဠိစာပေမှ မြန်မာမှုပြုထားတယ်လို့လည်း ဆိုနိုင်တာပေါ့။ ပါဠိက တိုက်ရိုက် ပြန်ဆိုရေးတာမျိုး မဟုတ်ဘူးကလေးရဲ့။ ဦးပုညရဲ့စိတ်ကူးတွေနဲ့ ပုံဖော်ပြီး ဇာတ်ဆောင်စရိုက် ပိုလို့အသက်ဝင်ပီပြင်အောင် ဝေေ၀ဆာဆာ ဖွဲ့နွဲ့ရေးတာမျိုးပေါ့။ ဇာတ်အိမ်က မြတ်ဗုဒ်္ဓဟောကြားစဉ်ကတည်းက အခိုင်အခံ့ရှိပြီးသားမို့ ဒီဝတ္ထုမှာလည်း ဦးပုညရဲ့ ဉာဏ်ရည်နဲ့ အရေးအသားစွမ်းရည်ကို ဂရုစိုက်လေ့လာချီးကျူးမှသာ ရှုမြင်ချက်မှန်မှာပေါ့နော်။

 ထုတ်နုတ်စကားပြေမလေ့လာမီ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို အနည်းအကျဉ်းသိထားသင့်တယ်။ ဘုရားလောင်းနုစဉ်ဘ၀ တစ်ခုက ဟိမ၀န္တာတောကြီးထဲက ဆဒ္ဒန်အိုင်သာရဲ့အနောက် ရွှေဂူကြီးထဲမှာ ဆင်အပေါင်းရဲ့အကြီးအကဲ ဆဒ္ဒန်ဆင်မင်းကြီး ဖြစ်ခဲ့တယ်။ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါဆိုတဲ့ ဆင်မိဖုရားနှစ်ပါးလည်း ရှိတယ်။ အလောင်းတော်ဆင်မင်း၊ အင်ကြင်းပန်းပင်ကို ဦးကင်းဖြင့်ဝှေ့ခိုက်၍ ပြိုက်ပြိုက်ကျစေ ပန်းမိုးရွာစေတဲ့အခါ လက်ဝဲတော်လေညာက စူဠသုဘဒ္ဒါကိုယ်ထက် သစ်ခြောက်သစ်ခက်၊ ပရွက်ပဆုပ်၊ ခါချဉ်ထုပ်တို့ လှုပ်တိုင်းကြွေပြီး၊ လက်ယာတော်လေအောက် မဟာသုဘဒ္ဒါကိုယ်ပေါ်မှာ ပန်းပွင့်ပန်းငုံ ပန်းဝတ်မှုန်တို့ စုပြုံကြွေကျလာခဲ့တယ်။ ဒါကို အထင်လွဲစိတ်နာ ရန်ငြိုးဖွဲ့ခဲ့တဲ့ စူဠသုဘဒ္ဒါ မိဖုရားက ငါးရာသော ပစ္စေကဗုဒ္ဓ အရှင်မြတ်တို့ကို ကြာပျားရည်လှူဒါန်းအပြီး ဆုတောင်း မှားခဲ့တယ်။ လူ့ဘ၀မှာ ဧကရာဇ်ရဲ့ တောင်ညာစံမိဖုရားအဖြစ်ကို သုဘဒ္ဒါအမည်နဲ့ ရလိုကြောင်း၊ ဇာတိဿရဉာဏ်လို့ခေါ်တဲ့ အရင်ဘ၀ ကို ပြန်သိတဲ့ဉာဏ်ရလိုကြောင်းနဲ့ ဆဒ္ဒန်ဆင်မင်းကို အသေဆိုးသေစေပြီး အစွယ်မြတ်ဖြတ်ယူနိုင်သည် ဖြစ်ရပါစေလို့ ဆုတောင်းမှားခဲ့တာ။ ဆုတောင်းပြီး ခန္ဓာပြတ်ကြွေ သေဆုံးခဲ့တယ်။

 ဆုတောင်းပြည့်ခဲ့တယ်လို့ ဆိုရမှာပေါ့။ မဒ္ဒရာဇ်မင်းကြီးရဲ့သမီးတော် သုဘဒ္ဒါဆိုတဲ့ ဘ၀သစ်ကိုရတယ်။ အရွယ်ရောက်တော့ ကာသိကရာဇ်တိုင်း ဗာရာဏသီမင်းရဲ့ မိဖုရားဖြစ်လာခဲ့တယ်။ အတိတ်ဘ၀ရန်ငြိုးကြောင့် ဆင်မင်းကိုသတ်၊ အစွယ်ဖြတ်ယူဖို့ သောနုတ္တရ မုဆိုးကို ဆင်မင်းနေရာ ဟေမာတစ်ကြော တောရဲ့အနေအထားကို မြွက်ကြားညွှန်ပြစေခိုင်းတယ်။ မုဆိုးလည်း ချုံကိုခုတ်ပိုင်း အင်တိုင်းကို ထွင် သစ်ပင်ကိုဖောက် ချောက်ကိုခုန်ကျော် ညွန်ပေါ်တုံးခင်း ထုံးအင်းမြစ်ရေ ခြားဆီးနေလည်း လှေလုပ်လို့ကူးနဲ့ ခုနစ်နှစ်၊ ခုနစ်လ သွားခဲ့ရတယ်။ မြေအောက်ဥမင်တူးတယ်။ ဒေါက်ခြာ၊ သင်္ကန်း၊ ပုတီးတွေနဲ့ အသွင်အပြင် ပြောင်းတယ်။ မြေအောက်ဥမင်ကနေ ဆင်မင်းကို စိန်တပ်စဉ်းသွား ဆိပ်လူးမြားတပ် ပစ်ခတ်လိုက်ပါရော။ ဆင်မင်းရဲ့ ဟစ်အော်ညည်းညူသံအဆုံး ဆင်အပေါင်း ရန်သူရှာဖို့ ထွက်ခွာကြရတယ်။ နောက်ထပ်တစ်ခါ မြားချက်လာရင် မဟာသုဘဒ္ဒါကို ထိမှာစိုးလို့ နှင်တော်မူတယ်။ မြားချက်လာရာ ဆင်ခြင်တော်မူပြီး ခြေတော်နဲ့ရှပ် ဥမင်အရပ်က မုဆိုးရဲ့ ရသေ့ရဟန်းဟန်ဆောင်ထားတဲ့ အသွင်ကိုတွေ့တော့ အသက်ချမ်းသာပေးတယ်။ ဒီနေရာကစပြီး စကားပြေကို ကောက်နုတ်ထားတာပါ ကလေး။

(က) စာရေးသူ၏ ရှုထောင့်
 ဒီဝတ္ထုကို လူ့သဘာဝ ပဓာန၀တ္ထုလို့ သတ်မှတ်ကြတယ်ကလေး။ လူ့သဘာဝဆိုတာက လောဘ၊ ဒေါသနဲ့ အသာစီးရလိုခြင်း ရှိနေကြသလို မေတ္တာ ကြင်နာမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေလည်း ရှိနေကြတယ်ကလေး။ “ပဓာန” ဆိုတာက လိုရင်းအချက်ပေါ့။ လူ့စရိုက် လူ့သဘာဝကို ဖော်ပြချင်တာက လိုရင်းလေ။ ဆဒ္ဒန်ဆင်မင်းက သူတော်ကောင်း၊ သုဘဒ္ဒါတို့ သောနုတ္တရမုဆိုးတို့က သူယုတ်မာ။ စာရေးသူရဲ့ အသိပေးချင်တဲ့ အချက်က သူတော်ကောင်းစရိုက်နဲ့ သူယုတ်မာစရိုက်ကို နှိုင်းယှဉ်ဖော်ပြပြီး သူတော်ကောင်းစရိုက်ကို အားကျအတုယူစေလိုတဲ့ ရည်ရွယ်ချက်၊ ရန်ငြိုးထားမှုရဲ့ ဆိုးကျိုးတွေကို ဖော်ပြအသိပေးလိုတဲ့ ရည်ရွယ်ချက်လို့ ကလေးသဘော ပေါက်လောက်ပါတယ်နော်။

(ခ) စကားပြေ၏ ရှုထောင့်
 အသေးစိတ်လေ့လာလေ အရသာတွေ့လေဖြစ်လို့ ကလေးကိုယ်တိုင်အားထုတ်တာ အကောင်းဆုံးပါ။ ခက်ခဲတယ်ဆိုပြီး နောက်တွန့်တတ်တဲ့သူက ပညာနဲ့ဝေးတတ်တယ်လေ။ အခုကလေးလေ့လာမယ့် ဦးပုညဆိုတာက ကဗျာဉာဏ်အာဘော်က ကလော်တိုင်းထွက်သူလို့ ဆိုစမှတ်ပြုထားတဲ့သူနော်။

စကားလုံးဝေါဟာရ အသုံးအနှုန်းများ

 ၁။ စရိုက်သဘာဝပေါ်လွင်ထင်ရှားစေဖို့ စကားလုံးရွေးချယ် သုံးစွဲတယ်။ မုဆိုး၏ ကိုယ်လွတ်ရုန်းစရိုက်၊ အပြစ်ကို ထိမ်ချန်ကာ အခြားသူကို အပြစ်ဖို့တတ်သော စရိုက်များပေါ်လွင်စေရန် သုဘဒ္ဒါအကြောင်း မကောင်းဆိုရာမှာ “အဆာကျယ်” “အသော့ငို” “ကျေးဇူး ရှင်မ”၊ ကာသိမင်းအကြောင်း မကောင်းဆိုရာမှာ “ဟိုလူကြီးက ပျာယီးပျာယာ”၊ သူ့ကိုခြိမ်းခြောက်ကြောင်းကို “ဇိဝနတ်္ထိ၊ နင်သေမည်ကိုသိစံ့”၊ ကိုယ်လွတ်ရုန်းတော့ “ကံကွက်ကျား”စတဲ့ အသုံးတွေဟာ စာရေးသူရဲ့ အားထုတ်မှုတွေပါပဲ။

 ၂။ သုဘဒ္ဒါမိဖုရားကို ဝေါဟာရအမျိုးမျိုးနဲ့ ခေါ်ဝေါ်သွားပုံတွေက “ကာသိမင်းရဲ့ သက်နှင်းတောင်ညာ”၊ “အဆာကျယ်လှ ရှင်ဘုရင်မကြီး”၊ “ကျေးဇူးရှင်မ”၊ “အစွယ်ကိုလိုသူ”၊ “ဉာဏ်ဝင်္ကန္တ၊ ယုတ်မာလှသော အမိုက်မ”၊ “မိန်းမဆိုး”၊ “ပလ္လင်ညာရံ ရွှေဘုံပျံမှာ စံပေသည့်နတ်”၊ “ရွှေဘုံသူမှန်ကူ”၊ “မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး”၊ “ဗာရာမင့်လည်ဆွဲ” ဆိုပြီး ပရိယာယ်ပုဒ်တွေသုံး၊ ဝေါဟာရကြွယ်ဝပုံကို ထောက်ပြ ဖြေနိုင်ပါတယ်။

 ၃။ ဆဒ္ဒန်ဆင်မင်းကို ရေးဖွဲ့သွားတဲ့ စကားလုံးအသုံးအနှုန်းတွေကိုလည်း ရှာကြည့်သင့်တာပေါ့ကလေး။ “ဆင်မင်းသခင် ထိပ်ခေါင်တင်”၊ “ထိပ်ထားဘုန်းမော် ဆင်မင်းကျော်”၊ “ဆဒ္ဒန်ဘုန်းကြွယ်”၊ “ငွေတောင်ကြီးအဟန် ဆဒ္ဒန်မင်းမြတ်”၊ “အလောင်းတော်မြတ် ဗောဓိသတ်”၊ “သုံးတိုက်လုံးနတ် ဆင်မင်းမြတ်”၊ “ငွေတောင်ကြီးအသွင် ခင်မလင်”၊ “သင့်သက်ဝေငယ်လင်”၊ “ဆဒ္ဒန်ဆင်ကောင်း ဘုရားလောင်း” ဆိုပြီး အပြောင်းအလဲဖြစ်အောင် ဝေါဟာရကြွယ်ကြွယ်၀၀ သုံးပြသွားပါတယ်လေ။

 ၄။ သောနုတ္တရမုဆိုးကိုလည်း ဇာတ်ကြောင်းပြောသူက မနှစ်မြို့တဲ့လေသံနဲ့ ခေါ်ပေမဲ့ ဘုရားလောင်းကတော့ ခွင့်လွှတ်သည်းခံပြီး ကရုဏာအပြည့်နဲ့ ခေါ်ဆိုဟန်ကို ခွဲခြားမြင်ကြည့်စမ်းပါ ကလေးရေ။ ဇာတ်ကြောင်းပြောသူရဲ့ အသုံးအနှုန်းအဖြစ်က “ရန်သူပုဂ်္ဂိုလ် သောနုတ္တိုရ်”၊ “မုဆိုးပေတလူ အခေါက်ထူ”၊ “မုဆိုးညစ်ထေး ငမိုက်ခွေး”၊ “မုဆိုးလူပျက် ဖုတ်သဘက်” ဆိုတဲ့ အသုံးအနှုန်းတွေမှာ မုဆိုးကို စက်ဆုပ်ရွံရှာမုန်းတီးခြင်းနဲ့ အရေးအသားကိုနှစ်သက်ခြင်း ၀ိဘစ္ဆရသကို ပုံဖော်ပေးခဲ့နိုင်တယ်။ ဘုရားလောင်းရဲ့ အာလုပ်စကားတွေမှာတော့ “အချင်းမုဆိုး”၊ “အသင်မုဆိုး”၊ “တောပုန်းချုံလျှိုး သင်မုဆိုး”၊ “အဆွေတော် သောနုတ္တရ” ဆိုပြီး ဒေါသကိလေသာကို ချုပ်တည်းနိုင်တဲ့ အပြောအဆိုကို ပုံဖော်သွားတာပေါ့။

 ၅။ ကာရန်ချိတ်စကားပြေ အသွားနဲ့ အရေးအသားကြောင့် ကာရန်ရဲ့ အထိန်းအကွပ်ကိုငဲ့ပြီး “ပန်းပင်ဖုတ်လှိုက်”၊ “သွေးစီးသံထွက်”၊ “တောင်လူးမြောက်လည်း”၊ “ပေါက်လွတ် ဗရပွာ”၊ “စေ့ရေကြောင်းလျား”၊ “သည်းစိုင်လောင်ချစ်” စသည်ဖြင့် ဖန်တီးရေးသားမှုတွေလည်း တွေ့နိုင်ကြောင်း ဖြေဆိုပေးနိုင်ပါတယ်ကလေး။

 ၆။ တရားဟောစာဝတ္ထုဖြစ်တဲ့အတွက် ပါဠိသက်စကားလုံးသုံးစွဲမှုကို မကြာခဏထည့်သုံးထားတယ်။ ဆန်္ဒ၊ ကိစ်္စ၊ ဂုဏ်၊ လုဒ္ဒက၊ ဇီဝနတ်္ထိ၊ ကရုဏာ၊ ဗောဓိသတ်၊ မိစ္ဆာ၊ လောကတ္တရ၊ ပါရဂူ၊ မုတ္တာ၊ ဒေါသ၊ ဥပဒ်၊ ဣဒ်္ဓိပါဒ်၊ မဏိ ဆိုတာလေးတွေဟာ ပါဠိစကားတွေပါဠိသက်ဝေါဟာရတွေလို့ လေ့လာထားသင့်ပါတယ်ကလေး။

 ၇။ ပဇာ၊ ကံကျွေး၊ ရွာစား၊ ကျူငွေတုံး စတဲ့  ရှေးသုံးစကားတချို့ကိုလည်း လေ့လာမိကြောင်းလည်း လိုမှာပေါ့။

 ၈။ ကာရန်ချိတ်စကားပြေဟန်ဖြစ်ကြောင်း၊ လင်္ကာစကားပြေရော ရေးဖွဲ့ထားတဲ့ ကုန်းဘောင်ခေတ်စာရေးဟန်ဖြစ်လို့ အသံချိုသာစွာ ဖတ်ရွတ်နိုင်အောင် ကာရန်ရှာရေးဖွဲ့ကြောင်း။ မာန်ဇွဲနှင့် အံခဲ၊ ဘုရားလောင်း မယားဟောင်းဆိုတဲ့ နဘေထပ်ဂုဏ်မြောက်သော ဝေါဟာရ အသုံးအနှုန်းများကို တွေ့ရကြောင်းလည်း လေ့လာထားပါကလေး။ ဒါဆို ဒီစကားပြေထဲက စကားလုံးဝေါဟာရအသုံးအနှုန်း တွေကို ဖော်ထုတ်လေ့လာ တင်ပြပါဆို ကလေးက သိပ်အားစိုက်စရာ မလိုတော့ဘူးပေါ့။

 ၉။ ကာရန်ကိုငဲ့ရတာ၊ သိုင်းဝိုင်းဖွဲ့နွဲ့တန်ဆာဆင်လိုတာတွေကြောင့် အကျဉ်းကို အကျယ်ရေးထားတာလည်း တွေ့ရမယ်။ အဆာကျယ်၊ နားတောင်းပွတ်၊ စိမ်းကားမျက်ငြိုး၊ ရွေသုံးရံခြယ် အစရှိတဲ့ အသုံးအနှုန်းတွေမှာတော့ သြဇဂုဏ်မြောက်ကျစ်လျစ်မှုကို တွေ့နိုင်ကြောင်း ကိုလည်း မှတ်သားထားပါ ကလေးရေ။

ဝါကျ ဖွဲ့စည်းတည်ဆောက်ပုံ

 ၁။ ကာရန်ချိတ်ဝါကျများနှင့်ဖွဲ့စည်းကာမဓုရတာဂုဏ်မြောက်အောင်ရေးဖွဲ့ထားကြောင်း ဖြေဆိုပါကလေး။ လူမျိုးတကာ  ကြံငှာ မရဲ ကြံဝံ့ခဲသော အကြံကိုကြံ၍ ငါ့ထံရောက်ဝင် ငါသို့ဆင်ကို အရှင်လတ်လတ် သင်သတ်သည့်အကြောင်းကား စသဖြင့် ကာရန် ချိတ်ထားပုံကို ကလေးကိုယ်တိုင်ရှာဦးနော်။ ကာရန်ဆိုတာ အသတ်တူ၊ အသံတူစကားလုံးပေါ့။

 ၂။ ၀ါကျတို သုံးစွဲမှုမပါဝင်ဘဲ ၀ါကျရှည်အနည်းငယ်မှအပ ၀ါကျလတ်များဖြင့်သာ အများအားဖြင့် ဖွဲ့စည်းထားပါတယ်ဆိုတာ လေ့လာမိပါစေ။

 ၃။ ဇာတ်ကြောင်းပြောသူရဲ့ အပိုင်းကို အဓိကမပြုဘဲ ဇာတ်ဆောင်တွေရဲ့ တိုက်ရိုက်စကားတွေကို ၀ါကျရေးဖွဲ့ထားတယ်။ တိုက်ရိုက်စကား ၀ါကျတွေဟာ အပြော (စကား) ဟန်နဲ့ အရေး (စာ) ဟန်နှစ်မျိုးလုံး သုံးထားတယ်။ ၀ါကျတစ်ကြောင်းတည်းမှာ အပြောဟန်ပစ္စည်းရော၊ အရေးဟန်ဝိဘတ်ပါ တွဲသုံးတာမျိုးလေ။ သာဓကအနေနဲ့ “သာမန်ဂုဏ်ငယ် ဆင်နက်စွယ်များကိုလည်း နားဝယ် လက်မခံ ညှီစော်နံသည်ဟု ရွံသတဲ့ဘုရား”ဆိုတဲ့ဝါကျမှာ “ညှီစော်နံသည်ဟု”က အရေးဟန်၊ “ရွံသတဲ့ဘုရား”က အပြောဟန်ပေါ့။ “စွယ် တော်ရှင်ကို လျင်လျင်ဖြတ်ချိုး၍ သင်မုဆိုး စိတ်ရှိတိုင်းပြုပါတော့” ဆိုတဲ့ဝါကျမှာ “လျင်လျင်ဖြတ်ချိုး၍”က စာဟန် “စိတ်ရှိတိုင်းပြုပါတော့”က စကားဟန်ပေါ့ကလေးရယ်။

 ၄။ အတော်ထူးခြားတဲ့ ၀ါကျရေးဟန်က စာရေးသူက ပြောပြဟန်မဟုတ်ဘဲ ဇာတ်ဆောင်ပြောစကားကို တိုက်ရိုက်ပြောနေသံနဲ့ ရေးနေရင်း ဇာတ်ဆောင်ရဲ့စကားထဲမှာပါတဲ့သူရဲ့ ပြောသံကို ထပ်ဆင့်ထည့်ရေးသွားတာမျိုး။ မုဆိုးလည်း ဆိုတာက စာရေးသူရဲ့ ပြောသံ။ “ဆင်မင်းသခင် ထိပ်ခေါင်တင်၊ လူအိုမုဆိုး ကျွန်တော်မျိုးကား---”စသဖြင့်လျှောက်တင်နေတာ သောနုတ္တရမုဆိုးရဲ့ တိုက်ရိုက် စကား။ အဲဒီစကားဝါကျထဲမှာ “ဟဲ့နော် လုဒ္ဒက၊ ဆင်စွယ်ကိုမရလျှင် ဇီဝနတ်္ထိ နင်သေမည်ကိုသိစံ့”ဆိုတဲ့ ကာသိမင်းရဲ့ အမိန့်တော်စကားကို ထပ်ဆင့်ထည့်သွားတာမျိုးပေါ့။ တွေ့လားကလေး။ ဒီလိုဝါကျဟန်ဖန်တီးပြီး သရုပ်ဖော်တဲ့အရေးအသားက စာကိုနာကြားသူမျက်လုံးထဲ ဇာတ်ဆောင်တွေ ပြုမူလှုပ်ရှားဟန်ကိုပါ မြင်ယောင်လာတော့တာပေါ့။

 ၅။ စကားပြေရဲ့နိဂုံးအပိုင်း၊ မုဆိုးက စွယ်တော်မြတ်ကို သုဘဒ္ဒါမိဖုရားအား ဆက်သပြီး သုဘဒ္ဒါခံစားရပုံ၊ သနားစိတ်ဖြစ်ပုံ၊ နောက်ကြောင်းပြန်အတွေး၊ ပူဆွေးသောကရောက် ရင်ကွဲနာကျသေဆုံးပုံအထိကို စာရေးသူက ပြောပြဟန် ကာရန်ချိတ်ဝါကျတွေနဲ့ ရေးဖွဲ့သွားကြောင်း လေ့လာဖြေဆိုပေးပါ ကလေးရေ။ ဒီမှာ ၀ါကျရှည်ကြီးတစ်ကြောင်းတည်းကို သမ္ဗန္ဓတွေနဲ့ချိတ်ပြီး ရေးသွားတယ်။ ၀ါကျရှည်လျားပေမဲ့ ရှင်းလင်းပြေပြစ်လို့နေကြောင်းပါ ထည့်ဖြေပါကလေး။

အလင်္ကာ ဖန်တီးမှု
 အလင်္ကာဆိုတာက စာရဲ့အဆင်တန်ဆာနော်။ စာကို အဆင်တန်ဆာနဲ့ လှပဝေဆာအောင်ရေးတဲ့အခါ စာရေးသူရဲ့ အားထုတ်ဖန် တီးမှု ပါဝင်ရမယ်ကလေး။ နေ့စဉ်သုံး၊ ရပ်သုံးရွာသုံး၊ အများသုံးစကားလေးကိုလည်း ကိုယ်ရေးနေတဲ့ အကြောင်းအရာမှာ အကွက်ဆိုက်လို့ လှလှပပ ထည့်သုံးလိုက်တဲ့အခါ အဆင်တန်ဆာအဖြစ် နှစ်သက်လက်ခံသွားတတ်တယ်။ မြေစာမြက်ကလေးက ဘိသိက်သွန်းမယ့် ငွေဖလားထဲ သန့်သန့်စင်စင်ရောက်နေပြီး ကဗျာဆန်နေသလိုပေါ့။ စာရေးသူကိုယ်တိုင်က စေတနာတစ်ခုနဲ့ ဝေါဟာရတွဲစပ် အား ထုတ်ထားတဲ့ အလင်္ကာမျိုးလည်း ရှိလိမ့်မယ်။ သူ့စေတနာက ထင်ရှားသိလွယ်ပါစေဆိုတဲ့ စေတနာလေ။ ဒါမျိုးက ပိုလို့အသိ အမှတ်ပြုထုတ်တာပေါ့။ ဦးပုညက အလင်္ကာဖန်တီး အားထုတ်ရာမှာ ပါရမီရှင်ပါပဲ။

 ၁။ ဥပမာအလင်္ကာတွေအဖြစ် ကိုယ်တိုင်လေ့လာကြည့်ပါကလေး။ အဓိကပြောပြချင်တဲ့အကြောင်း (ဥပမေယျ)၊ ခိုင်းနှိုင်းတင် စားလိုက်တဲ့ (ဥပမာန)၊ တူညီတဲ့အရည်အချင်း (သဓမ္မ)၊ အနှိုင်းပြစကား (ဥပမာဇောတက) ဆိုတဲ့ အချက်လေးချက်ကို တွေးပေါ့။  ဖြူဖွေးမြင့်မားတဲ့ ဆဒ္ဒန်ဆင်မင်းရဲ့ ကိုယ်လုံးတော်ကို ငွေတောင်ကြီးအဟန်၊ ငွေတောင်ကြီးအသွင် ဆိုပြီးခိုင်းနှိုင်းပါတယ်။ ဖြူဖွေး သန့်စင်ပျော့ပျောင်းတဲ့ ဆင်မင်းရဲ့ နှာမောင်းတော်ကို ကျူငွေတုံးအလား၊ ဆဒ်္ဒန်ဆင်မင်း၏ ကြင်နာသနားခွင့်လွှတ်ခြင်းကို ရရှိတဲ့ မုဆိုးကို ရင်နှစ်သားကဲ့သို့၊ မညှာမတာ ရက်စက်စွာ နိုင်ထက်စီးနင်းပြုတတ်တဲ့စရိုက်ပိုင်ရှင် မုဆိုးအပြုအမူကို ရန်ဘက်ချင်းကဲ့သို့၊ မခွဲမခွာမြတ်နိုးရတဲ့ မဟာသုဘဒ်္ဒါ မိဖုရားကို ရွှေလည်ရွဲကဲ့သို့ဆိုပြီး နာမ်ကိုနာမ်ချင်း ခိုင်းနှိုင်းသွားတယ်။ အဖြစ်အပျက်ကို ထင်ရှားသိလွယ်အောင် နှိုင်းတာလည်းရှိသေးတယ်။ ဆင်မင်းရဲ့ အာခံတွင်းမှ သွေးများ ဒလဟောစီးကျလာပုံကို ကန်ကျိုး၍လာသကဲ့သို့၊ ဆဒ္ဒန်ဆင်မင်း အစွယ်မြေသို့ကျပုံကို ရွှေတောင်ကြီးပြိုသကဲ့သို့၊ သုဘဒ္ဒါမိဖုရားက ဆင်မင်းအပေါ်အလွယ်တကူ သံယောဇဉ်ဖြတ်ပုံကို သစ်ယောင်းခက်ချိုးသကဲ့သို့လို့ ခိုင်းနှိုင်းသွားတာ ရှာဖွေဖော်ထုတ်ဖြေဆိုပေါ့။

 ၂။ အနက်အဓိပ္ပာယ်ကို အတွေးသိနဲ့သိမှ အလင်္ကာကို ဖော်ထုတ်ခံစားနိုင်တာကလေးရဲ့။ သာမန်မပြောဘဲ လွန်ကြူးစွာပြောလိုက်တာ က ဘာအဓိပ္ပာယ်လို့မသိရင် အဆင်တန်ဆာမှန်းလည်း သိတော့မှာ မဟုတ်ဘူးလေ။ ကလေးတို့လေ့လာနေတာတွေက အနက်အဓိပ္ပာယ် ကို အဆင်တန်ဆာပြုနေတာတွေကို လေ့လာနေရတာ။ အခု ဦးပုညက အတိသယ၀ုတ်္တိအလင်္ကာတွေကို ဘယ်လိုအားထုတ်သွားလဲ လေ့လာကြည့်ရအောင်။ ဆင်မင်းရဲ့အစွယ်ကို မညှာမတာ တိုက်ဖြတ်မှုကြောင့် အာခံတွင်းမှ သွေးများဒလဟောစီးကျလာပုံကို သွေး ချောင်းကျ၊ သုဘဒ္ဒါမိဖုရား သည်းထန်စွာငိုကြွေးပုံကို ကျမျက်ရည်ချောင်းဖြစ်လို့ သွေးတွေ၊ မျက်ရည်တွေကို တသွင်သွင် စီးနေတဲ့ ရေစီး ကြောင်း (ချောင်း)ဖြစ်သွားတယ်လို့ အလွန်အကြူးပြောပြီး သရုပ်ဖော်ရေးဖွဲ့သွားတာမျိုးဆို အတိသယ၀ုတ်္တိအလင်္ကာလို့ ကလေးက သဘောပေါက်ရမှာပါနော်။

 ၃။ ၀င်္က၀ုတ်္တိအလင်္ကာဆိုတာက တိုက်ရိုက်မဆိုချင်လို့ သွယ်ဝိုက်ပြောတာနော်။ ဥပမာနဲ့ခိုင်းနှိုင်းတာ၊ အလွန်အကြူးရေးဖွဲ့ပြီး  သိလွယ်စေတာ၊ ဂုဏ်ရည်တူကို ထပ်တူပြုနေတာတွေလည်း သဘောပေါက်အောင်တွေးရင် သွယ်ဝိုက်ပြောနေတာပါပဲ။ သုဘဒ္ဒါငိုတယ်လို့ တိုက်ရိုက်မပြောဘဲ ကျမျက်ရည်ချောင်းဖြစ်တယ်လို့ သွယ်ဝိုက်ပြောတာပဲလေ။ အစွယ်မြတ်မြေသို့ကျတယ်လို့မပြောဘဲ ရွှေတောင်ကြီးပြိုတယ်လို့ သွယ်ဝိုက်ပြောတာပဲလေ။ ဥပမာအလင်္ကာ၊ အတိသယ၀ုတ်္တိ အလင်္ကာ၊ ရူပကအလင်္ကာ သုံးမျိုးလုံးဟာ ၀င်္က၀ုတ်္တိအလင်္ကာရဲ့ မျိုးကွဲတွေပဲနော်ကလေး။ ဒီစကားပြေမှာ သုဘဒ္ဒါမိဖုရားလို့ တိုက်ရိုက်မရေးဘဲ ကျေးဇူးရှင်မ၊ ရွှေဘုံပျံမှာ စံပေသည့်နတ်၊ မုဆိုးတစ်ပိုင်း မိန်းမရိုင်း၊ ရွှေဘုံသူမှန်ကူ၊ ဗာရာမင့်လည်ဆွဲလို့ သွယ်ဝိုက်သုံးသွားတာတွေကို အလင်္ကာအဖြစ် ရှုမြင်တတ်ရမယ်။ မိမိတစ်ဦးတည်းသာ အပြစ်ဒဏ် ခံရတာကို ကံကွက်ကျား၊ မြတ်စွာဘုရားကို ဘ၀ပါရဂူ၊ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကို သုံးတိုက်လုံးနတ်၊ သုဘဒ္ဒါရဲ့အမုန်းရန်ငြိုးနဲ့စေခိုင်းချက်ကြောင့် ပစ်ခတ်တဲ့ အဆိပ်လူးမြားကို မယားဟောင်းလက်နက်၊ အမုန်းစိတ်ကို ရှင်သန်ကြီးထွားစေတာကို မုန်းပင်စိုက်ပျိုး၊ သံသရာတစ်လျှောက် ရန်ငြိုးမပြေဖြစ်နေမည်ကို မီးဆက်၍ပျိုး၊ သံယောဇဉ်အချစ်များကို စွန့်လွှတ်ကုန်ဆုံးစေတာကို  ချစ်ကြိုးဖြတ်ဖြေ ဆိုတာတွေကို ရှာဖွေတွေးဆ လေ့လာပါနော် ကလေးရေ။

 ၄။ ဥပမေယျ (အနှိုင်းခံ) နဲ့ ဥပမာန (အနှိုင်း) ဟာ မခွဲမခြား တစ်သားတည်းပါပဲလို့ ဂုဏ်ရည်တူ နာမ်နှစ်ခုကို ထပ်တူပြုဖွဲ့တဲ့ အလင်္ကာက ရူပကပါပဲကလေးရေ။ ဒီမှာလည်း အဓိကပြောချင်တဲ့ အနှိုင်းခံက ဘာလဲ။ ဘယ်လိုဂုဏ်ရည် ထပ်တူဖြစ်နေတာလဲလို့ အနက်အဓိပ္ပာယ်ကိုသိဖို့ အရေးကြီးပါတယ်။ အနက်အဆင်တန်ဆာကိုး။ ပွားများတောက်လောင် ပျက်စီးစေတတ်တဲ့သဘောမှာ ရန်ငြိုးဟာ လောင်စာပဲလို့ထပ်တူပြုတော့ လောင်စာရန်ငြိုး၊ ကြီးမားပြန့်ကားနေတဲ့အသွင်မှာ မုဆိုးရဲ့“လေး”ဟာ ပျံဝဲနေတဲ့စွန်ကြီး အတောင်ဖြန့်ထားတာနဲ့ ထပ်တူပဲလို့ဆိုချင်တော့ လေးစွန်တောင်၊ တစ်စစ ရှင်သန်ကြီးထွားရာမှာတော့ အမုန်းဆိုတာ သစ်ပင်နဲ့ထပ်တူပဲလို့ ဆိုချင်တဲ့ မုန်းပင်၊ ရစ်ပတ်တွယ်ငြိနှောင်ဖွဲ့တဲ့သဘော ထပ်တူကျတဲ့ အချစ်နဲ့“ကြိုး”ကို ချစ်ကြိုး၊ မြတ်နိုးဖွယ်တင့်တယ်တဲ့ ဂုဏ်ရည်တူတဲ့ အင်ကြင်းပန်းနဲ့ နာရဏီရွှေကို နရဏီရွှေခိုင် အင်ကြင်းမြိုင်၊ စိမ်းစိုမှု အထုအထည်ချင်းထပ်တူကျနေတဲ့ ပညောင်ပင်နဲ့ မြကျောက်အစိုင် အခဲကို မြစိုင်ပညောင်၊ ၀င်းလက်တောက်ပကြည်လင်နေပုံ ထပ်တူကျတဲ့ သုဘဒ္ဒါရဲ့မျက်နှာနဲ့ ငွေလမင်းကို မျက်နှာငွေလ ဆိုပြီး ရေးဖွဲ့မှု တွေက ရူပကအလင်္ကာမြောက်တဲ့ အဖွဲ့အနွဲ့တွေပါပဲ ကလေးရေ။

 ၅။ ကြားရတဲ့အသံကို အစွဲပြုပြီး သရုပ်ပေါ်လွင်အောင်ဖွဲ့တဲ့ အလင်္ကာက မြည်သံစွဲအလင်္ကာပေါ့ကလေး။ ဘုရားလောင်း ဆင်မင်း ကိုယ်တော်တိုင် တိုက်ဖြတ်လှူမှ “စွယ်တော်မြတ်အစုံသည်  ပြတ်တိုတုံး၍ ဗုန်းဗုန်းမြေသို့ကျလေ၏”ဆိုတဲ့ အရေးအဖွဲ့မှာ စွယ်တော်အစုံ မြေသို့ပြုတ်ကျသောအသံ ဗုန်းဗုန်းဆိုတဲ့အသံကို ထည့်သွင်းရေးထားတာက မြည်သံစွဲအလင်္ကာပေါ့ ကလေးရေ။

အချက်အလက်စီစဉ်ထားပုံ
 ကောက်နုတ်ထားတဲ့စကားပြေကို စာရဲ့ရှုထောင့်ကလေ့လာတဲ့အခါ အပေါ်မှာပြထားသလိုသာလေ့လာရင် အထပ်ထပ်ဖတ်ပြီး ဖြစ်နေမှာပေါ့။ ဖတ်တိုင်းဖတ်တိုင်း အပိုင်းကဏ္ဍတွေ စီစဉ်ဖွဲ့စည်းသွားတာက ဖြစ်စဉ်တကျ ညီညွတ်နေပြီး အံဝင်ခွင်ကျရှိနေတာကို ကလေးတွေ့နေမှာပါ။ ဇာတ်ဆောင်စရိုက်ပီပြင်အောင် ရေးဖွဲ့ဖန်တီးပုံလည်း လေ့လာရဦးမှာဖြစ်လို့ အချက်အလက်အစီအစဉ်ကို ဒီလိုအကျဉ်းချုပ်လေး မှတ်ထားရအောင်။ အစီအစဉ် ခုနစ်ချက် ခွဲခြားကြည့်နိုင်ပါတယ်ကလေး။

 ၁။ မိမိကိုသတ်ရသည့်အတွက် ဘယ်လိုအကျိုးထူးရပါသလဲ ဆိုတဲ့အချက်ကို ဆဒ္ဒန်ဆင်မင်းက ဘုရားလောင်းပီပီ ဖြစ်လာတဲ့ဆိုးကျိုးရဲ့ ဖြစ်တည်ခြင်းအကြောင်းကို ဒေါသထိန်းချုပ်၊ မေတ္တာနဲ့ယှဉ်ပြီး စူးစမ်းမေးမြန်းခြင်း။

 ၂။ လူယုတ်မာမုဆိုးက သူ့အသက်ဘေးအတွက် အခြားသူတွေကို အပြစ်ဖို့ကာ ကိုယ်လွတ်ရုန်း လျှောက်တင်ခြင်း။
 ၃။ ဆင်မင်းက သုဘဒ္ဒါဟူသော အမည်ကြောင့် အတိတ်ရန်ငြိုးကို ဉာဏ်ပညာဖြင့်ဆင်ခြင်သိရှိကာ သံသရာရန်ငြိုးပြေစေလို၍  အစွယ်ဖြတ်ယူရန် ခွင့်ပြုခြင်း။

 ၄။ သူယုတ်မာစိတ်နဲ့ သောနုတ္တရမုဆိုးက စာနာညှာတာခြင်းမရှိ ရက်စက်ကြမ်းကြုတ်စွာ အစွယ်ကို လွှဖြင့် ဖြတ်တိုက်ခြင်း။
 ၅။ ပြတ်ဖို့ဝေးစွ၊ အရာမျှပင်မထင်သော စွယ်တော်မြတ်ကို ဘုရားလောင်းဆင်မင်းက ကိုယ်တိုင်ဖြတ်၍ ဂါရ၀ဖြင့် ပေးလှူခြင်း။
 ၆။ နာကြည်းဝေဒနာများ ခံစားရင်းပင် သုဘဒ္ဒါထံ မုဆိုးမှတစ်ဆင့် မှာကြားစကားများဆိုပြီး အသက်သေဆုံးကွယ်လွန်ခြင်း။
 ၇။ အစွယ်မြတ်လက်ဝယ်ရရှိသွားသော သုဘဒ္ဒါမိဖုရားလည်း ပူဆွေးသောကရောက် ၀မ်းနည်းငိုကြွေးရင်း ရင်ကွဲနာကျ သေဆုံးရခြင်း။
 လို့ လေ့လာထားရင် ဇာတ်ကွက်တွေရဲ့ အချိတ်အဆက်မိနေပုံကို ကလေးကိုယ်တိုင် နှစ်သက်စိတ် ဖြစ်လာမှာပါ။

ဇာတ်ဆောင်စရိုက် ပီပြင်စေရန် သရုပ်ဖော်အဖွဲ့အနွဲ့များ
 ဒါမျိုးကိုလည်း အရေးအသားအတတ်ကို အကဲဖြတ်ခြင်းအဖြစ် စာရဲ့ရှုထောင့်က ထည့်လေ့လာရတာပါပဲ ကလေးရေ။ စရိုက်ဆိုတာက အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်အကြံအစည်ဆိုတဲ့ ကံသုံးပါး စေတနာပဲပေါ့။ စေတနာဆိုတာက စေ့ဆော်တိုက်တွန်းတတ်တဲ့ သဘောကို ခေါ်တာပါကလေး။ ကိုယ်-နှုတ်-နှလုံး အမူအရာလို့ပြောလည်း အတူတူပဲနော်။

 ဘုရားလောင်းဆန္ဒန်ဆင်မင်းရဲ့ သူတော်ကောင်းစရိုက်ကို အချင်းမုဆိုးဆိုတဲ့ အခေါ်အဝေါ်ကစပြီး ကလေးသုံးသပ်နိုင်တယ်။ မိမိကိုသတ်ရတဲ့အကြောင်းကို စူးစမ်းမေးမြန်းတဲ့ လေသံမှာကတည်းက သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရန်ကိုရန်ခြင်းမတုံ့နှင်းခြင်း စိတ်သဘောတွေပါအောင် ရေးဖွဲ့ပြထားတယ်လို့ သုံးသပ်ပေးပေါ့။ မိဖုရားသုဘဒ္ဒါ အရိပ်ပါသောကြောင့် ငါစဉ်းစားမိ စင်စစ်သိပြီဆိုတဲ့ အဖွဲ့က ဉာဏ်ပညာနဲ့ ဆင်ခြင်တတ်သော၊ အကြောင်းကိုသိတတ်သော သဘောပေါ့။ လောင်စာရန်ငြိုး မီးဆက်၍ပျိုးမည်ကြောင့် မိန်းမဆိုးအမုန်း ဘ၀တွင် သည်မျှနှင့်တုံးစေတော့ ဆိုတဲ့အဖွဲ့က သံသရာရန်ငြိုးပြေပျောက်စေလိုတဲ့ စိတ်ထားလို့ အကဲဖြတ်ပေးလေ။ ဥပဒ်ကြီးစွာ ဝေဒနာကို ပညာဖြင့်သိမ်းဆည်းပုံ အရေးအဖွဲ့က ခန်္တီပါရမီ ပညာပါရမီ ရင့်ကျက်ပုံပေါ့။

 ငါ့စွယ်တော်မြတ် ရိုးတော်ဓာတ်ကို ငါဖြတ်၍ လှူတော့မည် ဆိုတဲ့အရေးအဖွဲ့ကလေးမှာ ဒါနပါရမီအတွက် ရဲရင့်တဲ့ သူတော် ကောင်းစိတ်ကို တွေ့ရဦးမယ်လေ။ မုန်းပင်စိုက်ပျိုး ပြေချိန်တိုင်၍မှ မပြေနိုင်ငြိုးတတ်တဲ့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးဆိုတဲ့ အဖွဲ့က ဘ၀မှာပတ်သက်ဆက်နွှယ်ခဲ့ပြီး မလိမ်္မာမိုက်မဲသူကို ကရုဏာဒေါသော ဆုံးမနေတဲ့လေသံပေါ့ ကလေးရယ်။ စိတ်နာထိခိုက်လွန်းလို့ ပြောရတဲ့အပြောကိုက ဖတ်ရသူရင်ထဲ မချိအောင်ပါပဲ။ အသက်ကိုစွန့်ပြီးတော့ သုဘဒ္ဒါကို ဆုံးမခဲ့တဲ့စကားက ဒေါသအပြစ် မဖြစ် မမြောက် မမုန်းလောက်သည်ကို အဆောက်အအုံ အပြစ်ကြီးယူပြီးလျှင် ငြူစူမျက်ဝင်တဲ့အတွက် ပါဏာတိပါတာကံထိုက်ပြီလို့ ဆုံးမသွားတာလို့ ဖြန့်ကြက်တွေးနော်ကလေး။ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပပနဲ့ ခင်မ၀မ်းမြောက်ပါလေတော့လို့ မေတ္တာပို့နေဆဲ့ သူတော်ကောင်းစိတ်။ မုဆိုးပေတလူ အပြန်လမ်းမှာ ဘေးရန်ကာသန်း ပရိတ်ပန်းတွေတောင် မန်း၍ပေးတော်မူလိုက်တဲ့ အပြုအမူနဲ့ ရန်သူကိုပင် စောင့်ရှောက်လိုစိတ်တွေကို ဦးပုညရဲ့ ဇာတ်ဆောင်စရိုက် ပီပြင်အောင် သရုပ်ဖော်နိုင်ခြင်းအဖြစ် လေ့လာပါကလေး ရေ။

 သောနုတ္တရမုဆိုးရဲ့ သူယုတ်မာစရိုက်ဖော် အရေးအဖွဲ့တွေကိုလည်း ကလေးရှာဖွေကြည့်။ ယောက်ျားမပီသတဲ့စိတ်နဲ့ အပြစ်ကို ၀န်မခံရဲတာက စပြီးတွေ့လိမ့်မယ်။ ကိုယ့်အကျိုးအတွက်ဆို တစ်ဖက်သူကို မြှောက်ပင့်တတ်တဲ့စရိုက်ကို မြားနဲ့ပစ်ခတ် အသေသတ်ဖို့ကြံရွယ်ပြီးမှ ဆင်မင်းသခင် ထိပ်ခေါင်တင်၊ ထိပ်ထားဘုန်းမော် ဆင်မင်းကျော်၊ ငွေတောင်ကြီးအဟန် ဆဒ္ဒန်မင်းမြတ်ဆိုပြီး ချွဲနွဲ့ မြှောက်ပင့်အခေါ်အဝေါ်ကိုက စာရေးသူက လူ့စိတ်လူ့သဘောကိုသိလို့ မုန်းစရာဖြစ်အောင် သိမ်သိမ်မွေ့မွေ့ဖန်တီးချက်ပဲလို့ ဝေဖန်နိုင် တယ်ကလေး။ ခုနစ်နှစ် ခုနစ်လ ရောက်အောင်လာ၊ မြေအောက်ဥမင်ကြီးတူး၊ လေးစွန်တောင်ကြီးနဲ့ ပစ်တုန်းက အားခွန်ဗလနဲ့ မလိုက်ဖက်စွာ “လူအိုမုဆိုး ကျွန်တော်မျိုး”၊ “လူမလိမ္မာ ကျွန်မိစ္ဆာ”နဲ့ ကိုယ်လွတ်ရုန်းနေပုံကိုက စက်ဆုပ်စရာ၊ ရွံရှာစရာ စရိုက်ပေါ့။ သူက လေးမှာမြားကလေးတပ်ပြီး လေးညှို့ကို လွှတ်လိုက်တာလေးတစ်ခုပါပဲဆိုတဲ့သဘော လျှောက်တင်ချက်ကိုကြည့်။ အမြင်ကတ်စရာ အသည်းယားစရာ။ “အစွယ်ကိုလိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူဘုရားကျွန်တော်၊ ကြံဖော်ကြံဖက် သုံးယောက် သားအနက်တွင်မှ” ဆိုတဲ့ အရေးအဖွဲ့။ သူခိုးသေဖော်ညှိတာလေ။ သုဘဒ္ဒါနဲ့ ကာသိမင်းအကြောင်း ယောက်ျားကြီးတန်မဲ့ အတင်းပြော အပြစ်ပုံချတဲ့ ရေးကွက်တွေလည်း ထည့်ဖြေပေါ့။ ကံကျွေးအဖြစ် ရွာငါးရွာအပိုင်စားရဖို့ သူ့လောဘကို ထိမ်ချန်ပြီး ရှင်ဘုရင်ခြိမ်း ခြောက်လို့ပဲ မဖြစ်မနေလုပ်ရသလို လျှောက်တင်ချက် ပေးတာလည်း သူယုတ်မာစရိုက်ဖော်ထားတာပါပဲ။ အဆိုးဆုံးက ဆင်မင်းအစွယ် ဖြတ်ခွင့်ပေးတဲ့အချိန် လူမပီသမှုပဲ။ သူနဲ့ဆင်မင်း၊ ရန်ဘက်ချင်းကဲ့သို့၊ ချက်ချင်းထကြွ၊ ကများကတည့်၍” ဆိုတဲ့ မုန်းစရာအပြုအမူ။ မြေမှာ ဦးခေါင်းတော် ညွှတ်ပေးတဲ့ ဆင်မင်းကို “လေးစွန်တောင်နဲ့၊ အာပေါင်ကိုလှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက် မက်ဖွယ်လွှကြီးနှင့် အာစကိုဖြတ်တိုက်” တဲ့ စာနာမှုကင်းခြင်းပုံဖော်ထားတဲ့ အရေးအဖွဲ့တွေက ပီပြင်လွန်းလိုက်တာ ကလေး ရယ်။

(ဂ) စာဖြေသူ/စာဖတ်သူ/ မိမိ၏ ရှုထောင့်
 ဒီစကားပြေအတွက်က ရသနဲ့ ဘ၀သင်ခန်းစာ ကောက်ယူတတ်ဖို့ အရေးကြီးတာပေါ့။ ရသဆိုတဲ့နေရာမှာ ချိုချဉ်ဖန်ခါး ပူစပ်အေးချို ဆိုတဲ့အရသာကို လျှာက ခံစားလိုက်ပုံနဲ့ စာရဲ့အရသာကို စာပေမွေ့သူရဲ့နှလုံးသားက ခံစားပုံချင်း မတူဘူးနော်။  စာမှာပါတဲ့ ဝေါဟာရ၊ ၀ါကျ စာပိုဒ်တွေရဲ့ ရသမြောက်ပုံဆိုတာက တစ်မျိုး။ ဥပမာ ပြောပြမယ်နော်။ ကလေးရဲ့ပင်ကိုစိတ်မှာ ကြမ်းကြုတ် ရက်စက်ခြင်းကို ပြုလုပ်ဖို့ ကလေးဘယ်နှစ်သက်ပါ့မလဲ။ ဒါပေမဲ့ စာရေးသူက လူကြမ်းလူယုတ်ရဲ့ သရုပ်သကန်ပေါ်အောင် ရေးဖွဲ့ပြပြီဆို အဲဒီရေးဖွဲ့မှုက ကောင်းလိုက်တာ ပီပြင်လိုက်တာလို့ ကလေးနှစ်သက်နေမယ်။ လေးစွန်တောင်နဲ့၊ အာပေါင်ကိုလှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ်လွှကြီးနှင့် အာစကိုဖြတ်တိုက် ဦးနှောက်သို့ခိုက်လုအောင် အလျားလိုက်ထိုးသွတ် စွယ်ရင်းကို ပွတ်သည်တွင် စသဖြင့်ရေးထားတာမျိုးမှာ စာအဖွဲ့ကိုနှစ်သက်စိတ်နဲ့ အရသာတွေ့နေတာမျိုးကို ကြမ်းကြုတ်တဲ့ ရုဒ္ဒရသမြောက် အရေးအဖွဲ့လို့ ခံစားမိတာမျိုးပေါ့။ ဒါဆို အကြောင်းအရာချည်းသက်သက်နဲ့ ရသမြောက်တာမဟုတ်ဘဲ အရေးအဖွဲ့ရဲ့ အစွမ်းသတ်္တိကလည်း ရသမြောက်ဖို့ တစ်သားတည်းလိုအပ်နေတာလို့ နားလည်လိုက်နိုင်တာပေါ့။

 ဒီစကားပြေမှာပါတဲ့ သူတော်ကောင်းစရိုက်တွေကို ရေးဖွဲ့ပုံက ငြိမ်းအေးခြင်းအရသာကလေး (သန္တရသ) ကို ခံစားမိစေမှာ။  ရွှေကိုယ်တော်ပွား ရင်နှစ်သားကဲ့သို့ သနားစုံမက် အသက်ကိုချမ်းသာပေးတော်မူပြီးလျှင် ဆိုတဲ့ သည်းခံခွင့်လွှတ်တဲ့အကြောင်း အရေး အဖွဲ့မျိုးပေါ့။ ရင်ထဲမှာ မြိုးမြိုးမြက်မြက် ဖြစ်သွားစေတဲ့ ကိလေသာနဲ့ယှဉ်တဲ့ချစ်ခြင်းအရသာ (သိင်္ဂါရရသ) ကို ဖွဲ့သွားတာလည်း မြင်တတ် ခံစားနှစ်သက်တတ်ဖို့လိုတယ်။ “လည်ချင်းမှီ၍ နာရဏီခိုင် အင်ကြင်းမြိုင်နှင့် မြစိုင်ပညောင် ရွှေဂူချောင်မှာ ဆွေမောင်နှင့်မယ် ကျီစယ်သမှု ပန်းခိုင်လု၍ ကယုကယင် ချစ်တုံ့တင်လျက် ဆိုတာမျိုးလေ ကလေးရဲ့။ သောနုတ္တရမုဆိုးရဲ့ သူယုတ်မာစရိုက်အဖွဲ့တွေကလည်း စက်ဆုပ်ရွံမုန်းခြင်းအရသာ (၀ိဘစ္ဆရသ) ကို ဖြစ်စေမှာပါပဲ။ ငဲ့ညှာသနားစာနာခြင်းမရှိဘဲ လူမဆန်စွာ အစွယ်ဖြတ်တိုက်တဲ့ အရေးအဖွဲ့ တို့၊ ရန်ငြိုးအာဃာတရဲ့ ဆိုးကျိုးကို သင်ခန်းစာယူ မိတဲ့အချိန်တို့မှာ ထိတ်လန့်ကြောက်ရွံ့ခြင်းအရသာ (ဘယာနကရသ)ကို ခံစားမိမှာပါ။ မြားဆိပ်မူးလို့ တောင်လူးမြောက်လည်း နာကြည်းဝေဒနာ မချိတဲ့ကြားထဲက အာခံတွင်းက သွေးချောင်းကျသည့်တိုင် နှိပ်စက်ခံနေရတဲ့ ဆင်မင်းမြတ်ရဲ့ ခန်္ဓာဝေဒနာ၊ စိတ်ခံစားချက်ဝေဒနာတွေအပေါ် စာနာကြေကွဲခြင်းအရသာ (ကရုဏာရသ) က စကားပြေကို လွှမ်းမိုး ထားတာပေါ့။ အရိုးတော်ဓာတ် စွယ်တော်မြတ်ကို ရဲရဲဝံ့ဝံ့ လှူတဲ့အချိန်မှာ ရေးဖွဲ့ချက်တွေက ရဲရင့်တက်ကြွမှုကို နှစ်သက်ခြင်းအရသာ (၀ီရရသ) နဲ့ ခွင့်လွှတ်တတ်လွန်း မေတ္တာထားနိုင်လွန်း စွန့်လွှတ်နိုင်စွမ်း ဆိုတဲ့ ဘုရားလောင်းရဲ့ ဖြူစင်သိမ်မွေ့မှုတွေက အံ့သြခြင်းအရသာ (အဗ္ဘုတရသ) ကို ခံစားသိတတ်မိကြောင်း လိုသလို အသုံးချဖြေရမှာပေါ့ ကလေးရယ်။ အကြောင်းကို တွေ့အောင်ရှာမှ ခံစား နှစ်သက်ရခြင်းအကျိုး ရသကို အမည်တပ်ပေးနော်။ ဘ၀သင်ခန်းစာက ရန်ငြိုးထားခြင်း ကလဲ့စားချေခြင်းက ကြောက်စရာဆိုးကျိုးကိုသာ ရနိုင်ကြောင်း ဘ၀သင်ခန်းစာ ထုတ်ယူပေါ့ကလေးရယ်။

 အကြောင်းအရာ အချက်အလက် အရေးအဖွဲ့ လိုက်လျောညီထွေ စည်းစည်းလုံးလုံးရှိလှတဲ့ ဦးပုညရဲ့ အနုပညာစွမ်းအားကို တွေ့ ထိ ခံစားနိုင်ပါစေကွယ်။

ချမ်းမြေ့ပျော်ရွှင် လေ့ကျင့်သင်ယူနိုင်ကြပါစေ။
ဦးသန့်ဇင် (ကံ့ကော်ကောင်းကင်)

မှီငြမ်းကိုးကား လေ့လာချက်များ

၁။ ပင်ရင်းစကားပြေလက်ရွေးစင်၊ ဒသမတန်း၊ ၂၀၁၀ (ဒီဇင်ဘာလ)
၂။ ဦးပုည၏ စာပန်းကုံးများ (ပထမတွဲ)၊ တင်ထွေး၊ (၁၉၉၁၊ စက်တင်ဘာလ)
၃။ ဂုဏ်၊ ရသ၊ အလင်္ကာ သင်ကြားရေး၊ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) (၂၀၁၇၊ နိုဝင်ဘာလ)
၎။ အထက်တန်းအဆင့် စကားပြေသင်ကြားရေး၊ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) (ပညာတန်ဆောင်၊ ၁၉၉၄)
၅။ တက္ကသိုလ်ဝင်တန်း၊ မြန်မာစာဘာသာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာ၊ ဒေါက်တာအောင်မြင့်ဦး (၂၀၁၈၊ အောက်တိုဘာ)

Academic Weekly Educational Journal
Junior
Vol.4, No.29
1.8.2019

#AcademicWeekly
#MyanmarEducationalJournal

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ