အ​ထွေ​ထွေ

အဝေးရောက်မင်း ဦးအောင်ကြီး
•••••••••••••••••••••••••••••••••••

လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ ဟူ၍ အမှတ်အသား ပြုထားသော ကုန်းဘောင်မင်း ၁၁ ဆက်မှ နောက်ဆုံး သီပေါမင်း လက်ထက်တွင် အဝေးရောက်မင်းအဖြစ် တာဝန်ထမ်းဆောင်ရသော
ဦးအောင်ကြီးသည် အဘ ဦးမှတ် နှင့် အမိ ဒေါ်စံပယ် တို့၏သားဖြစ်ပြီး မြန်မာနှစ် ၁၂၁၅ ခုနှစ် နတ်တော် လဆုတ် ၁ဝ ရက် တနင်္ဂနွေနေ့ တွင် အမရပူရမြို့၌ မွေးဖွားသည်။

စကု၊ စလင်း၊ ကျပင်း၊ လယ်ကိုင်းမြို့ တို့နှင့် သက်ဆိုင်သော မြို့လေးမြို့ စာရေးကြီး ဦးမှတ်၏သား မောင်အောင်ကြီးသည် ခုနစ်နှစ်သား အရွယ်တွင် အမရပူရ မင်းတဲကျောင်းတိုက် ရွှေပြည်ဆရာတော်ကြီးထံ စာပေပညာ
စတင်သင်ကြားပြီး ၁၅ နှစ်အရွယ်တွင် သာမဏေ ဝတ်သည်။ သာမဏေဘဝဖြင့် နှစ်နှစ်နေပြီး ရှင်လူထွက်ကာ လောကီပညာများ ဆက်လက် သင်ကြားသည်။ ထို့နောက် စာရေးစာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်သော
အခါ မန္တလေး နန်းတွင်း၌ စာရေးတာဝန်နှင့် စာတော်ဖတ် တာဝန် ထမ်းဆောင်ရသည်။ သီပေါမင်း ထီးနန်းစိုးစံသောအခါ ငယ်စဉ်က သိကျွမ်းခင်မင်ခဲ့သော မောင်အောင်ကြီးကို အဝေးရောက်မင်း တာဝန်ပေးအပ်
လိုက်သည်။

အဝေးရောက်မင်း၏ တာဝန်များမှာ မန္တလေးမှအပ နယ်တွင်ရှိသော ရုံးပေါင်း ၅၂ ရုံးမှ နန်းတွင်းသို့ ပို့ပေးသော စာအားလုံး အဝေးရောက်မင်းဆီ ရောက်သည်။ အဝေးရောက်မင်းက စာအားလုံးကိုဖတ်၍ ရှင်ဘုရင်ထံ
ဆက်သင့်သည်ကိုဆက်၊ လွှတ်တော်သို့ ပို့သင့်သည်ကိုပို့၊ ဆိုင်ရာဝန်မင်းများထံ ပို့သင့်သည်ကို ပို့၊ မပို့ သင့်သော စာများကို ဖျောက်ဖျက်ပစ်သည်။

ဤသို့ အဝေးမှ ရောက်လာသော စာအားလုံးကို ကြည့်ရှု၍ သက်ဆိုင်ရာသို့ ပေးပို့ရသည့် အတွက် အဝေးရောက်မင်းဟု ခေါ်ကြောင်းသိရသည်။ ဦးအောင်ကြီး အမှုတော် စတင်ထမ်းဆောင်ချိန် ရသောလစာမှာ စာရေးလစာ
၃ဝ ကျပ်၊ စာတော်ဖတ် လစာ ၃ဝ ကျပ် တာဝန် နှစ်ရပ်ပေါင်း ၆ဝ ကျပ်ရသည်။ အဝေးရောက်မင်း တာဝန်ထမ်းဆောင်ချိန်တွင် လစာ ၅ဝ ကျပ်သာရသဖြင့် ရာထူးတက် သော်လည်း လစာမှာ ၁ဝ ကျပ် လျော့သွားသည်။

အဝေးရောက်မင်း၏ သြဇာအရှိန်အဝါ ကြီးမားမှုကြောင့် လစာ ၁ဝ ကျပ်လျော့သွားသည်ကို ဦးအောင်ကြီးက မမှုပေ။ ရှင်ဘုရင်ထံ မြင်း ၁ဝ စီး ဆက်သသူသည် အဝေးရောက်မင်းအတွက် မြင်းတစ်စီး ပေးရသည်။ ဆင်မှအပ
တခြားလက်ဆောင် များကိုလည်း ဤနည်းအတိုင်း အဝေးရောက်မင်းက ဆယ်ပုံတစ်ပုံရသဖြင့် လစာကို ထည့်မတွက်သည့်အပြင် သံတော်ဆင့် ရာထူးသို့ တိုးပေးသည့်တိုင် ဦးအောင်ကြီးက မယူတော့ပေ။

(အယ်ဒီတာ့အာသော်မှ ကောက်နုတ်ဖော်ပြပါသည်။)

Credit ;
http://myawady-myawady.blogspot.com/2016/09/blog-post_940.html

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ