ဂုဏ်ဆယ်ပါး

ဂုဏ်ဆယ်ပါး

ဆရာ ချမ်းငြိမ်းနိုင် [ငြိမ်းချမ်း (ဗိုလ်ချုပ်ရွာ)]၏ ဆောင်းပါးများကို အနည်းငယ် တည်းဖြတ်၍ တစ်စုတစ်စည်းတည်း ဖော်ပြလိုက်ပါသည်.....
++++++++++++++

ဆရာကြီးဦးရွှေအောင်က 'ရသစာပေ၏ရသ' စာအုပ်တွင် ဂုဏ်ကို
(က) အလင်္ကာရဂုဏ်နှင့်
(ခ) ဒဿနဂုဏ် ဟူ၍ နှစ်မျိုး ဖော်ပြထားပါသည်။

အလင်္ကာရဂုဏ်ကို ၁၀-မျိုး (ယခုပြောမည့် ဂုဏ်ဆယ်ပါး) ဟူ၍ ယူကြသလို ၃-မျိုး ဟူ၍လည်း ယူကြသည်။ "ဆယ်ပါးဂိုဏ်းနှင့် သုံးပါးဂိုဏ်း ကွဲကြသည်"ဟု ဆရာဦးရွှေအောင်က ဆိုသည်။
ဒဿနဂုဏ်တွင်တော့ ၃-မျိုး ရှိသည်။

ယခု ဂုဏ်ဆယ်ပါးအကြောင်းကို ဆက်ပါမည်။

ဝဇီရဗုဒ္ဓိဦးဖိုးစိန်က ဂုဏ်ဆယ်ပါးတွင် ပါဠိဘာသာနှင့်ဆီလျော်ပြီး မြန်မာဘာသာနှင့် မဆီလျော်သော နည်းနာများကို ပယ်ခဲ့သည်။

ဂုဏ်တစ်ပါးချင်းစီ၏ အဓိပ္ပာယ်များကို အရှင်းဆုံး နားလည်စေရန်အတွက် 'ဝဇီရဗုဒ္ဓိဦးဖိုးစိန်'နှင့် 'ရန်ကုန်ဘဆွေ'တို့၏ ဖွင့်ဆိုချက်များကို ဖော်ပြလိုက်ပါသည်။

(၁) ပသာဒဂုဏ် 
- စကားရှင်းအနက်လွယ်ဂုဏ် (ဦးဖိုးစိန်)
- တင့်တယ်သောဂုဏ် (ရကဘဆ)

(၂) သြဇဂုဏ် 
- စကားချုံ့ဂုဏ်၊ စကားချဲ့ဂုဏ် (ဦးဖိုးစိန်)
- အစပ်ကြွယ်ဝသောဂုဏ် (ရကဘဆ)

(၃) မဓုရတာဂုဏ်
- နဘေထပ်ဂုဏ်၊ အက္ခရာထပ်ဂုဏ် (ဦးဖိုးစိန်)
- နားဝင်ချိုဂုဏ် (ရကဘဆ)

(၄) သမတာဂုဏ် 
- မြန်မာနှင့် မဆီလျော်၍ ပယ် (ဦးဖိုးစိန်)
- အချီအချညီမျှဂုဏ် (ရကဘဆ)

(၅) သုခမာလတာဂုဏ်
- စကားယဉ်ဂုဏ် (ဦးဖိုးစိန်)
- ဖတ်ရွတ်လွယ်ယဉ်ကျေးဂုဏ် (ရကဘဆ)

(၆) သိလေသဂုဏ်
- မြန်မာနှင့် မဆီလျော်၍ ပယ် (ဦးဖိုးစိန်)
- စာလုံးတွဲဖက်ဂုဏ် (ရကဘဆ)

(၇) ဥဒါရတာဂုဏ်
- ဂုဏ်ထူးပြဂုဏ် (ဦးဖိုးစိန်)
- ထူးလွန်သိသာဂုဏ် (ရကဘဆ)

(၈) ကန္တိဂုဏ် 
- နှစ်သက်ဖွယ်ဂုဏ် (ဦးဖိုးစိန်)
- နှစ်သက်ဖွယ်ရှိသောဂုဏ် (ရကဘဆ)

(၉) အတ္တဗျတ္တိဂုဏ်
- အနက်ပြည့်ဂုဏ် (ဦးဖိုးစိန်)
- စကားရှင်းအနက်လွယ်ဂုဏ် (ရကဘဆ)

(၁၀) သမာဓိဂုဏ် 
- တင်စားဂုဏ် (ဦးဖိုးစိန်)
- တင်စားဂုဏ် (ရကဘဆ)

(သံခိပ်မှတ်ရန်)
"ပသာ, ဩဇ၊ မဓုရနှင့်
သမ, သု, သိ၊ ဥ, ကန္တိ
ဗျတ္တိ, သမာဓိ"

(၁) ပသာဒဂုဏ်

ပသာဒဂုဏ်ကို 'စကားရှင်းအနက်လွယ်ဂုဏ်'ဟု ဆိုပါသည်။

ပုဂံဝန်ထောက်ဦးတင်က ကဗျာဗန္ဓသာရကျမ်းတွင်
"အဓိပ္ပာယ်စပ်၍ ယူရမည်ဖြစ်သော ပုဒ်တို့ကို နီးနီးထားခြင်းဖြင့် တင့်တယ်၏။ ထင်ရှားစွာ သိသောအနက်၏ ဤပုဒ်အစဉ်သည် ဖွဲ့နွဲ့စီကုံးအပ်သော အဖွဲ့၏ ကြည်ညိုဖွယ် ဖြစ်သောကြောင့် ပသာဒဂုဏ် မည်၏" ဟု ဆိုသည်။

"နမောတဿဿ
ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဟူသောပါဠိဂါထာသည် ပသာဒဂုဏ် ရှိသော ဂါထာများဖြစ်သည်" ဟု ဆိုသည်။

ရန်ကုန်ဘဆွေက
"စပ်ရမည့်ပုဒ်ချင်း နီးကပ်စေခြင်း၊ ပေါ်လွင် ထင်ရှားသောအနက် ရှိခြင်း ဟူသော အင်္ဂါနှစ်ပါးနှင့် ပြည့်စုံကြရမည်"ဟု ဆိုသည်။

စကားခက်အပြစ်၊ ပုဒ်ထားရှုပ်အပြစ်တို့မှ လွတ်လျှင် ပသာဒဂုဏ်မြောက်သည်ဟု ဆိုသည်။

ဥပမာအနေဖြင့်
"မင်းမျက်နှာ တစ်ခုလုံးရဲ့အလှကို စိုးမိုးနေတဲ့ မင်းရဲ့ပါးစုန့်နီကြီးတွေဟာ လန်းဆန်းနေတဲ့ ပန်းသွေးဖျော့ဖျော့ နှင်းဆီပွင့်ကြီးကို အရုဏ်ရောင် နမ်းစုပ်နေဆဲလို..... တယ်လဲ လှရက်လိုက်ပါလားကွယ်..." ဟူသော အဖွဲ့မျိုး ဖြစ်သည်။

ထိုစကားများသည် သိလွယ်သောကြောင့် ပသာဒဂုဏ်မြောက်သည်ဟု ဆိုလေသည်။

ဆရာမောင်ခင်မင်(ဓနုဖြူ)က စကားရှင်းအနက်လွယ်ဂုဏ်မြောက်ဖို့အတွက် သာဓက နှစ်ခု ထုတ်ပြပါသည်။

'မိတဆိုးရှင်ပြု'တွင် ရှင်လောင်းအဘ ကိုထွန်းကျော်အကြောင်းကို
"ရှင်လောင်းအဘ ကိုထွန်းကျော်သည် အသက်၃၅နှစ် ကျော်ကျော်လောက် ရှိမည်ထင်သည်။ တောသား လုပ်စားကိုင်စား ဖြစ်၍ တုတ်ခိုင်သန်မာ၏။ ပုံကြမ်း၏။ အသားမည်းညို၏။ သားရှင်ပြု အလှူတော်ကြီးတွင် ဝတ်စားရန်ဟု မနေ့တနေ့ကမှ လက်ပံတန်းဈေးက တစ်ကျပ်မူးတင်းနှင့် ဝယ်ခဲ့သော အနီရောင်လုံချည် အသစ်စက်စက်ကို ဝတ်ထား၏.." ဟု ဖွဲ့ဆိုထားသည်။

ဖွဲ့ထားပုံမှာ အသိခက်သော စကားလည်း မပါ၊ ဝါကျတစ်ခုစီအတွင်း ပုဒ်အထားအသိုလည်း ရှုပ်ထွေးခြင်း မရှိသည့်အတွက် ပသာဒဂုဏ် မြောက်သောအဖွဲ့ ဖြစ်ပါသည်။
        
ထို့ပြင် 'စစ်မှာတစ်မူ' ကဗျာသည်လည်း ပသာဒဂုဏ်မြောက်သည်ဟု ဆရာက ဆိုထားသည်။

"စစ်မှာတစ်မူ
နှမလေးမယ့်ထက်ဖြူကို၊ ယူမလားတော်။
စစ်မှာ ယွန်းမ
နှမလေးမယ့်ထက်လှကို၊ ရမလားတော်။
စစ်မှာ ဆွေမျိုး
ဘိုးဘွားမောင့်မှာ ရှိသလားတော်.." စသည်ဖြင့် မယ်နှင့်မောင် အချီအချ ပြောပုံသည် စကားလည်းရှင်း အနက်လည်း သိလွယ်သဖြင့် ပသာဒဂုဏ် မြောက်လေသည်။

ထို့ကြောင့် 'အသိခက်သော စကားမပါဘဲ သိလွယ်သော စကားများကိုသာ သုံးရခြင်း၊ ပုဒ်အထားအသို မရှုပ်ထွေးဘဲ ဆိုင်ရာပုဒ်ချင်း နီးနီးကပ်ကပ်ထားသည့်အတွက် အဓိပ္ပာယ်ထင်ရှား သိသာခြင်း' အချက်တို့ဖြင့် ချိန်ဆ၍ 'ပသာဒဂုဏ်'မြောက်ပုံကို သိနိုင်ပေသည်။

(၂) သြဇဂုဏ်

သြဇဂုဏ်ကို ဝဇီရဗုဒ္ဓိဦးဖိုးစိန်က 'စကားချုံ့ဂုဏ်၊ စကားချဲ့ဂုဏ်' ဟုဆိုသည်။

နန္ဒမာလိနီခေါ် ကဗျာစွယ်စုံကျမ်းတွင်လည်း "အကျယ်ကို အကျဉ်း၊ အကျဉ်းကို အကျယ် ချုံ့ခြင်း၊ ချဲ့ခြင်း ရှိသောဂုဏ်သည် သြဇဂုဏ် ဖြစ်သည်"ဟု ဆိုသည်။

ဥပမာအနေဖြင့်
"သန်-ဂုဏ်-ပ-မ၊ ထိုလေးဝတို့
ပွင့်ကြပြီးခါ၊ ဤကမ္ဘာဝယ်" အဖွဲ့မျိုး ဖြစ်သည်။
ပွင့်တော်မူပြီးသား ဘုရားလေးဆူကို 'သန်၊ ဂုဏ်၊ ပ၊ မ' ဟု အကျဉ်းရေးသောကြောင့် သြဇဂုဏ်မြောက်ပါသည်။
            
ရန်ကုန်ဘဆွေက 'အစပ်ကြွယ်သောဂုဏ်'ဟု ဆိုလေသည်။ "စကားလုံးချင်း ပေါင်းစပ်ရေးထားမှု များသော အရေးအဖွဲ့"ဟု ဆရာက အနက်ဖွင့်ထားသည်။

ဥပမာအားဖြင့်
"အိုင်ငယ်အတွင်းက မင်းမူနိုင်စွမ်းရှိတဲ့ ကုမုဒြာမယ်ရယ်၊ နေခြည်မောင်ကို လှောင်ရက်နိုင်အားရန်ကော" ဟူသော အဖွဲ့မျိုး ဖြစ်သည်။ လိုရင်းအနက်ကို ချုံ့၍ဖော်ပြသော သြဇဂုဏ် မြောက်လေသည်။

ဆရာမောင်ခင်မင်(ဓနုဖြူ)က
"သြဇဂုဏ်သည် ကျောင်းသူ၊ ကျောင်းသားများ အထိအတွေ့ များသော ဂုဏ်ဖြစ်သည်"ဟု ဆိုလေသည်။

"သြဇဂုဏ်သည် စကားပြေ၏ အသက်ဖြစ်ကြောင်း၊ ကဗျာလင်္ကာတွင်လည်း သြဇဂုဏ်သည် မနှောင့်ယှက် မရှုပ်ထွေးသည့်အတွက် နှစ်သက်ဖွယ် ဖြစ်ကြောင်း" ပညာရှင်တို့ မိန့်ဆိုကြသည်။

'သြဇ' ဟူသည် 'အဆီအနှစ်'ပင် ဖြစ်သည့်အတွက် အဆီအနှစ်ပြည့်ဝစွာ အကျဉ်းကို အကျယ်၊ အကျယ်ကို အကျဉ်းဖွဲ့ထားသော အဖွဲ့မှန်သမျှ သြဇဂုဏ်မြောက်ပေသည်။

မင်း၏သားကို 'မင်းသား'၊
ရေထည့်ထားသောခွက်ကို 'ရေခွက်'၊
မြို့ကို ပတ်သောလမ်းကို 'မြို့ပတ်လမ်း'၊
မယ်ကလေး၏အလှကို 'ဖြူဝင်းမွတ်'၊ 'ပြာနွဲ့ရှင်း'၊ 'လှညက်စင်'၊
မြကဲ့သို့ စိမ်းသော ညောင်ပင်၏အရိပ်ကို 'မြညောင်ရိပ်'
စသည်တို့သည် သြဇဂုဏ်မြောက်သောအဖွဲ့များ ဖြစ်ကြသည်။
             
ဒသမတန်းမြန်မာစာမှ 'ညက်လှပြာစင်'၊ 'ကျိုင်းစင်မြဝါ'၊ 'ရွှေပြည်'၊ 'စောနတ်ရှင်'၊ 'လူ့ပေါက်ပန်း'၊ 'မြတ်ပန်တော်ပန်း ခိုင်လုံးလန်း'၊ 'ညှာကျင်' စသည်တို့သည်လည်း အကျဉ်းချုံ့ထားသော သြဇဂုဏ်မြောက် အဖွဲ့များ ဖြစ်ကြသည်။

"ဖော်မစုံတစ်ကိုယ်မှာ၊ ရွှေမိုးညို ပတ်လည်ချုန်းပါလို့၊ ပြုံးမိတယ်လေး.." ဟူသော ဦးကြီး၏ လွမ်းချင်းသည်လည်း ဖော်မစုံသူကလေး ပြုံးမိသည့်အကြောင်း အကျယ်တွေးစရာများကို စကားလုံးနည်းနည်းဖြင့် ရေးဖွဲ့ထားသည့်အတွက် သြဇဂုဏ်မြောက်ပါသည်။

မလိုအပ်ဘဲ ထပ်သုံးသော အဖွဲ့များသည် 'အပြစ်ဒေါသ'ဖြစ်၍ သြဇဂုဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်စေပါသည်။

ဥပမာ-
'အဘိုးအို' ဟု မဆိုဘဲ
'အသက်အရွယ်အိုမင်းသော အဘိုးအို'၊
'ကျွန်တော့်အစ်ကိုကြီး' ကို
'ကျွန်တော့်ထက်ကြီးသော ကျွန်တော့်အစ်ကိုကြီး'၊
'ဤမြို့သည် သာယာလှ၏' ဟုဆိုလိုသည်ကို
'ဤမြို့သည် သာယာလှသည်ဟု ဆိုက မှားမည်မထင်ပေ' စသည့်အဖွဲ့များ ဖြစ်သည်။
           
စာအဖွဲ့များကို အကျဉ်းချုံးသည် ဖြစ်စေ၊ အကျယ်ချဲ့သည် ဖြစ်စေ သြဇဂုဏ်မြောက်အောင် အနှစ်သာရပါပါ ရေးဖွဲ့ရန် လိုအပ်ပါသည်။

(၃) မဓုရတာဂုဏ်

မဓုရတာဂုဏ်ကို ပုဂံဝန်ထောက်ဦးတင်က
"ဒီဃ၊ ရဿ
၊ သံယုဂ် အချင်းချင်း နီးသော ပဒါသတ္တိမဓုရသာဂုဏ်နှင့် အက္ခရာတူ အထပ်ထပ်ဆိုသောပုဒ်ရှိသော အနုပ္ပါသမဓုရတာဂုဏ်" ဟူ၍ နှစ်မျိုး ခွဲပြသည်။

ဥပမာ
"တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊ တညှင်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း.." သည် ပဒါသတ္တိမဓုရသဂုဏ်မြောက်သည်ဟု ဆိုသည်။

"မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၍၊  ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား၊ နတ်နှင့်နှုန်းနှုန်း၊..." ဟူသော ပုလဲတစ်တန့် သန္တာတစ်တန့်အဖွဲ့သည် အက္ခရာတူ အထပ်ထပ်ဖွဲ့ဆိုခြင်းကြောင့် အနုပ္ပါသမဓုရတာဂုဏ်မြောက်သည်ဟု ဖော်ပြထားသည်။

'နန္ဒမာလိနီ'ကဗျာစွယ်စုံကျမ်းနှင့် ရန်ကုန်ဘဆွေသည်လည်း ဗန္ဓသာရကျမ်းဆရာ ဖော်ပြပုံနှင့်အတူပင် ပြထား၍ အထူး မဖော်ပြတော့ပါ။
           
ဆရာတက္ကသိုလ်မောင်မောင်ကြီးက "မဓုရတာဂုဏ်ဆိုသည်မှာ အသံတူ၊ အက္ခရာတူတို့ကို အထပ်ထပ်ဆိုခြင်းဖြင့် နား၏တန်ဆာ ချိုသာနာပျော်ဖွယ်ရှိသော ဂုဏ်မျိုးကို ဆိုလိုသည်"ဟု ဖော်ပြသည်။

ဥပမာ
"ရွှေကျောင်းစင်္ကြံ၊ ရွှေကမ်းယံ၌၊ ရွှေခြံရံဝန်း၊ ရွှေပင်ပန်းကို၊ ရွှေကျွန်းဌာန၊ ရွှေဝမင်းနေ၊ ရွှေမြေရပ်သူ၊ ဆင်းဇဗ္ဗူ" ဟူသော အဖွဲ့မျိုးဖြစ်သည်ဟု ဖော်ပြသည်။
          
မဓုရတာဂုဏ်သည် အသံချိုသာမှုနှင့်ဆိုင်သော ဂုဏ်ဖြစ်ပါသည်။ အသံနှင့်ဆိုင်၍ ကဗျာများတွင် အတွေ့များပါသည်။

'မဓုရတာ'သည် ပါဠိစကားဖြစ်ပါသည်။ 'မဓု'သည် 'ပျား၊ ပျားရည်'ဟု အဓိပ္ပာယ်ရပါသည်။ 'မဓုရတာ' ဆိုလျှင်မူ 'ချိုသည်၏အဖြစ်'ဟု အဓိပ္ပာယ်ရပါသည်။

"အသံချိုအောင် ရေးဖွဲ့သော အဖွဲ့မှန်သမျှ မဓုရတာဂုဏ်မြောက်သည်"ဟု ဆရာမောင်ခင်မင်က ဆိုလေသည်။

"ချိုးနှစ်ကောင်
ထနောင်းပင်ညီနောင်က
လွမ်းအောင် ကူချွဲ။

ပန်းတော်ဖြူ
ပင်မြက်ကယ် နေဇာထူလှ
ဖိုးတောင်သူ့တဲ" ဟူသော ဒွေးချိုးသည် ဌာန်တူချင်း ရေးဖွဲ့ထား၍ မဓုရတာဂုဏ်မြောက်ပါသည်။

ထို့ပြင် "ခန်းဆောင်ရွှေ ရဝေတွင်း၊ ချမ်းပေါင်လေ တစ်ဖေတင်း" ဟူသောနဘေထပ်အဖွဲ့၊ "ဒုံးဒုံးဒတ်ဒတ်၊ တုံးလုံးပက်လက်" ဟူသော "စစ်"ဆိုသည့် နှစ်ကြောင်း နဘေထပ်ကဗျာ အဖွဲ့များသည် မဓုရတာဂုဏ်မြောက်သော အဖွဲ့များ ဖြစ်ပေသည်။ ထို့ပြင် အက္ခရာတူများကို အသံတူ ဖြစ်စေ၊ အသံကွဲ ဖြစ်စေ နီးနီးကပ်ကပ်ဖွဲ့လျှင် မဓုရတာဂုဏ်မြောက်လေသည်။

(၄) သမတာဂုဏ်

ဂုဏ်ဆယ်ပါးတွင် သမတာဂုဏ်၊ သုခုမာလတာဂုဏ်နှင့် သီလေသဂုဏ်တို့သည် ပါဠိစာပေ၌သာ အသုံးများ၍ ကျောင်းသူကျောင်းသားများအား သင်ကြားရာတွင် ချန်ထားခဲ့ကြသည်။ ယခု အကျဉ်းမျှ ဖော်ပြပါမည်။

'သမတာဂုဏ်' ကို 'သံတင်းသံလျော့ မျှတသောဂုဏ်'ဟု ဆိုကြသည်။ 'သံတင်း'ကို ဓနိတ၊ 'သံလျော့'ကို သိထိလ ဟု ခေါ်ကြသည်။ သံတင်း၊ သံလျော့ မျှတအောင် ပါဝင်သောအဖွဲ့ကို သမတဂုဏ်မြောက်သည်ဟု ဆိုသည်။

ဆရာရန်ကုန်ဘဆွေက သမတာဂုဏ်ကို 'အချီအချညီမျှဂုဏ်'ဟု ဆိုလေသည်။ ဆရာက နဝဒေးကြီး၏ အချီအချပိုဒ်စုံရတုကို ထုတ်ပြလေသည်။

အချီ
"ဆောင်းရက်လစုံ...
ညောင်းရွက်ကျဟုံ...
ပေါင်းသက်မျှရုံ...."

အချ
"တပေါင်းလများ သခင်သော...
မနှောင်းကြရ အလျင်သော....
အကြောင်းခယ စတင်သော..."
      
ပုဂံဝန်ထောက်ဦးတင်က သမတာဂုဏ်ကို သုံးမျိုး ခွဲခြားပြသည်။
(၁) ဂါထာလေးပါဒလုံး၌ ဓနိတအက္ခရာ အညီအမျှပါသော သမတာဂုဏ်၊
(၂) ဂါထာလေးပါဒလုံး၌ သိထိလအက္ခရာ အညီအမျှပါသော သမတာဂုဏ်၊
(၃) ဂါထာလေးပါဒလုံး၌ သိထိလ၊ ဓနိတ အက္ခရာ အညီအမျှပါသော သမတာဂုဏ်တို့ ဖြစ်သည်။

သိထိလအက္ခရာများမှာ
"က၊ ဂ၊ င၊
စ၊ ဇ၊ ည၊
ဋ၊ ဍ၊ ဏ၊
တ၊ ဒ၊ န၊
ပ၊ ဗ၊ မ၊
ယ၊ ရ၊ လ၊ ဝ၊ သ၊
ဟ၊ ဠ" တို့ဖြစ်ကြသည်။

ဓနိတ အက္ခရာများမှာ
"ခ၊ ဃ၊
ဆ၊ ဈ၊
ဌ၊ ဎ၊
ထ၊ ဓ၊
ဖ၊ ဘ" တို့ဖြစ်ကြသည်။

(၅) သုခုမာလတာဂုဏ်

ဂုဏ်ဆယ်ပါးတွင် ပါဝင်သော သုခုမာလတာဂုဏ်သည်လည်း မြန်မာစာပေတွင် အသုံးနည်းသည်။

ပုဂံဝန်ထောက်ဦးတင်က
"သိထိလ၊ ဓနိတ အက္ခရာ မများခြင်း၊ အရွတ်အဖတ် ခက်သော ပုဒ်အက္ခရာ မပါအောင် ဖွဲ့ဆိုခြင်းသည် သုလုမာလတာဂုဏ် မြောက်သည်"ဟု ဆိုလေသည်။

ဥပမာ 'သေသည်'ကို သေသည်ဟုမပြောဘဲ 'နတ်ပြည်စံခြင်း' ဟူသော အဖွဲ့မျိုး ဖြစ်လေသည်။

'နန္ဒမာလိနီ'ခေါ် ကဗျာစွယ်စုံကျမ်းတွင် "တစ်ပိုဒ်တစ်ပိုဒ်တွင် ဓနိတအက္ခရာ အနည်းငယ်မျှသာ ပါစေခြင်း၊ အရွတ်အဖတ်ခက်သော ပုဒ်စပ်ပုဒ်ဟပ် မပါစေခြင်း၊ ဤလက္ခဏာနှစ်ပါးနှင့် ပြည့်စုံသောဂုဏ်ကို သုခုမာလတာဂုဏ်"ဟု ဆိုလေသည်။

တစ်နည်းဆိုသေးသည် "သေခြင်း၊ ငိုခြင်း စသော မင်္ဂလာ ကျက်သရေမရှိသော စကားအသုံးအနှုန်းတို့ကို ဒဲ့ဒိုး မပြောဘဲ ယဉ်ကျေးသော စကားပရိယာယ်တို့ဖြင့် သွယ်ဝိုက်ပြောဆိုသုံးနှုန်းသောအဖွဲ့သည် သုခုမာလတာဂုဏ်မြောက်သည်"ဟု ဆိုသည်။

ဆရာရန်ကုန်ဘဆွေက 'ဖတ်ရွတ်လွယ်ယဉ်ကျေးဂုဏ်'ဟု အနက်ဖွင့်လေသည်။ 'ကျန်းမာတော်မူပါစခင်ဗျာ'၊ 'ထမင်းသုံးဆောင်ကြွပါ'  စသည်တို့သည် ယဉ်ကျေးစွာဖွဲ့ဆိုခြင်းကြောင့် သုခုမာလတာဂုဏ်မြောက်သည်ဟု ဆိုလေသည်။

နူးညံ့သောအက္ခရာ(သိထိလ) များခြင်း၊ အရွတ်အဖတ်ခက်သော အက္ခရာမှ ကင်းခြင်းတို့သည် သုခုမာလတာဂုဏ် မြောက်ပေသည်။ သိထိလ အက္ခရာများပြီး ဓနိတအက္ခရာ နည်းသောအဖွဲ့မျိုးကို ဆိုလိုသည်။ (သိထိလနှင့် ဓနိတ အက္ခရာ မျှပါနေလျှင် သိလေသဂုဏ်မြောက်သွားပေမည်။)

ဥပမာအားဖြင့်
'အရူး' အစား 'စိတ်ဝေဒနာရှင်'၊
'အနူ' အစား 'အနာကြီးရောဂါသည်'၊
'ဗိုက်ကြီးသည်'အစား 'ကိုယ်ဝန်ဆောင်'
'ချေး၊သေး' အစား 'အလေး၊အပေါ့'
'မြွေကိုက်သည်' အစား 'ပိုးထိသည်'
'သတ်သည်' အစား 'အဆုံးစီရင်သည်'ဟု သုံးနှုန်းခြင်းမျိုး ဖြစ်သည်။

ဆယ်တန်းပြဋ္ဌာန်းစာမှ
"ဗာရာမင်းလည်ဆွဲသည် ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏"၊ 
"တုလို့ချွန်လျှင် ခန္ဓာစဲမယ်.." ဟူသော အဖွဲ့များသည် သုခုမာလတာဂုဏ်မြောက်သော အဖွဲ့များ ဖြစ်ကြပေသည်။

ရုန့်ရင်းသောဝေါဟာရများ မပါစေဘဲ ယဉ်ကျေးဖွယ်စကားများဆိုသော ဂုဏ်မျိုး ဖြစ်ပေသည်။

(၆) သိလေသဂုဏ်

'သိလေသဂုဏ်'သည် ပါဠိဘာသာမှာ အသုံးများပြီး မြန်မာစာပေတွင် အတွေ့ရ နည်းပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများကို သင်ရာတွင် ချန်ထားခဲ့ကြသည်။ 'သိလေသဂုဏ်'ကို 'စာလုံးတွဲဖက်ဂုဏ်'ဟု ဆိုကြသည်။
        
ပုဂံဝန်ထောက်ဦးတင်က
"ဌာန်ကရိုဏ်း နီးခြင်း အစရှိသော အက္ခရာတို့ စုပေါင်း၍ ဖွဲ့သောပုဒ် ဖြစ်သောကြောင့် ပြေပြစ်ဖတ်ရှုလွယ်သော ပုဒ်ဖြစ်သည်။ ထိုပုဒ်ချင်း နီးနီးပါးပါး နှီးနှော၍ တည်ကြသောကြောင့် နှစ်သက်ဖွယ်သောဂုဏ် ရှိသည်။ ဖတ်ရွတ်သောအခါ အလေးပြု၍ ရွတ်ဖတ်ရသော ဓနိတအက္ခရာလည်း ပါရှိရသည်။ ဤသို့သော အင်္ဂါနှင့်ပြည့်စုံသောအဖွဲ့ကို သိလေသဂုဏ်မြောက်သည်"ဟု ဆိုလေသည်။

'နန္ဒမာလိနီ'ခေါ် ကဗျာစွယ်စုံကျမ်းဆရာက
"ဓနိတအက္ခရာ မများစေဘဲ ဌာန်တူချင်းချင်း နီးကပ်စွာထား၍ ချောမောပြေပြစ်စွာ စီကုံးအပ်သောအဖွဲ့သည် သိလေသဂုဏ် မည်သည်"ဟုဆိုသည်။

ဥပမာအားဖြင့်
"ဂါထာမှုတ်မန်း၊ ပေါက်ပေါက်ပန်းဖြင့်၊ ပက်ဖြန်းပြုကာ၊ သိုက်ဆရာသည်..." ဟူသော အဖွဲ့မျိုး ဖြစ်သည်။ ဤအဖွဲ့တွင် ဌာန်တူအက္ခရာချင်း၊ ကရိုဏ်းတူအက္ခရာချင်း နီးကပ်စွာ ထားရှိ၍ ဓနိတအက္ခရာ မများသောကြောင့် သိလေသဂုဏ်မြောက်လေသည်။
          
ဆရာရန်ကုန်ဘဆွေကတော့ သိလေသဂုဏ်ကို 'စာလုံးတွဲဖက်ဂုဏ်'ဟု ဆိုလေသည်။ သံမှန်၊ သံပြင်းများနှင့် သံယုတ်စသည်တို့ အချင်းချင်း တွဲစပ်၍ ရေးရသော ရေးဖွဲ့နည်းဖြစ်သည်။ ကဗျာလင်္ကာတို့နှင့်ဆိုင်သော ဂုဏ်ဖြစ်သည်ဟု ဆိုလေသည်။ နတ်ရှင်နောင်၏ ဘုရားတိုင်ရတုမှ ထုတ်ပြသည်။

ချီ...
ညွတ်ညွတ်ညိုသွယ်၊..
တွတ်တွတ်ဆိုဖွယ်၊..
ထွတ်ထွတ်ပျိုရွယ်၊..
   
ချ...
ဆက်တိုင်းပျော်ဖက် ရန်လှည့်သော။
ရူးမူးပျံတက် ဝှန်လှည့်သော။

စကားပြေမှာ ဖြစ်စေ၊ ကဗျာမှာ ဖြစ်စေ တစ်ခုနှင့်တစ်ခု အဆက်အစပ် ချောမွေ့အောင် ရေးရသည်။ "စာဖတ်သူများကို မီးရထားလမ်း ဇလီဖားတုံးများအပေါ် လမ်းလျှောက်ရမိသကဲ့သို့ မဖြစ်စေဘဲ နိုင်လွန်ကတ္တရာ လမ်းပေါ်မှာ လျှောက်ရဘိသကဲ့သို့  ဖြစ်စေလျှင် သိလေသဂုဏ်မြောက်သည်"ဟု ဦးကျော်လွင်(နှစ်ဖက်လှ)က ဆိုလေသည်။
         
လုံးဆင့်များ၊ လေးလေးပင်ပင် ရွတ်ဆိုရသော ဓနိတအက္ခရာများ၊ အသံရှည်သော ဒီဃအက္ခရာများ သင့်တင့်စွာ ပါဝင်လျှင် သိလေသဂုဏ်မြောက်ပေသည်။  "ကျီးအာနှိုင်းတမ်း၊ ရွှေနှုတ်ခမ်းလည်း၊ ကွမ်းပန်းမထိ၊ ပကတိဖြင့်၊ တင့်ဘိလွန်ကဲ၊ ရှုမရဲတည့်.." အဖွဲ့တွင် ဝဆွဲအက္ခရာများ၊ အသံရှည်များ၊ ဓနိတအက္ခရာများ ပါဝင်သည့်အတွက် သိလေသဂုဏ်မြောက်သည်ဟု ဆရာမောင်ခင်မင်က ဆိုလေသည်။
            
သိလေသဂုဏ်သည် အသံနှင့်သာ အများဆုံးဆိုင်၍ စကားပြေတွင် အတွေ့ရ နည်းပေသည်။

(၇) ဥဒါရတာဂုဏ်
     
ဥဒါရတာဂုဏ်ကို 'ဂုဏ်ထူးပြဂုဏ်'ဟု ဆိုကြသည်။ ပုဂံဝန်ထောက်ဦးတင်က 'အခြားသူတို့ထက် ကဲလွန်းသော ဂုဏ်ကို ဥဒါရတာဂုဏ် ဖြစ်သည်'ဟု ဆိုလေသည်။ နန္ဒမာလိနီ ကျမ်းဆရာကလည်း 'အခြားသူတို့ထက် ကဲလွန်းသောဂုဏ်'ဟု ဆိုပြန်သည်။

(ဥဒါရတာဂုဏ်ကို ဦးတင်နှင့် နန္ဒမာလိနီ ကျမ်းဆရာတို့က အဓိပ္ပာယ်တူညီစွာ ဖွင့်ဆိုထားပါသည်။ ဥပမာကို ဖော်ပြရာတွင် ပုဂံဝန်ထောက်ဦးတင် ဖော်ပြသော ပါဠိစာပိုဒ်ကို ချန်ထားပြီးပိုရှင်းသည့် နန္ဒမာလိနီကျမ်းဆရာ၏ ဥပမာကိုသာ ဖော်ပြလိုက်ပါသည်။)

ဥပမာ
"သူရသ်သတီ၊ နတ်မဒီဟု
ဇာတ်မည်တွင်သ၊ ခင်အလှသည်
ကဗျာ့အရာ၊ စိုးရစွာ၏.." အဖွဲ့တွင် သူရဿ
တီနတ်သမီး၏ အခြားသူတို့ထက် သာလွန်ပြီး စီကုံးသောအဖွဲ့ ဖြစ်သည်။ ဝိသေသနဂုဏ်ပုဒ်ဟူသမျှသည် ဥဒါရတာဂုဏ် ဖြစ်သည်။

ဥပမာ
"စကားမြူးထူး၊ ပျော်ရွှင်မြူးဖို့
ကြည်နူးဖွယ်ရာ၊ ဥယျာဉ်သာ၌..." ဟူသောအဖွဲ့တို့ ဖြစ်ကြသည်။
             
ဆရာရန်ကုန်ဘဆွေက ဥဒါရတာဂုဏ်ကို 'ထူးလွန်းသိသာသောဂုဏ်'ဟု ဆိုသည်။ ထူးထူးလွန်လွန် သိသိသာသာဂုဏ်ကို ဖေါ်ပြရေးဖွဲ့ခြင်း ဖြစ်သည်။ အထူးပြု ဂုဏ်ပုဒ်များသော အရေးအဖွဲ့သည်လည်း ဥဒါရတာဂုဏ်မြောက်လေသည်။

ဥပမာ..
"အလှဘုရင်မကြီးအထံ၌... ကျေးကျွန်အဖြစ်စေပါးရန်၊ ကျွန်တော်မျိုးကြီးရဲ့  နှလုံးသားကို အပ်နှံပါတယ်.." အဖွဲ့ပုံစံဖြစ်သည်။
          
ဆရာတက္ကသိုလ်မောင်မောင်ကြီးက "ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ ချစ်ခင်ခြင်း၊ ကြည်ညိုခြင်း စသော သဘောများကို သူတစ်ပါးထက် လွန်ကဲသည်ဖြစ်၍ လွန်ကဲမှန်း သိအောင် သိသိသာသာ ဖွဲ့ဆိုခြင်းကို ဥဒါရတာဂုဏ် မြောက်သည်"ဟုဆိုသည်။
            
'ဥဒါရ' ဟူသော ပါဠိဝေါဟာရသည် 'မြင့်မြတ်သည်၊ လွန်ကဲသည်'ဟု အဓိပ္ပာယ်ရသည်။

စံကျောင်းဆရာတော်က "လွန်မြောက်သောဂုဏ်ရှိသော ဥဒါရတာဂုဏ်နှင့် ချီးမွမ်းအပ်သော ဝိသေသနရှိသော ဥဒါရတာဂုဏ်" ဟူ၍ နှစ်မျိုးပြထားသည်။
            
ဆရာကြီးဦးလွန်းကလည်း ကဗျာသာရတ္ထသင်္ဂြိုဟ်တွင် "ဥဒါရတာဂုဏ်ဆိုသည်မှာ
(က) လွန်ကဲသောဂုဏ်ထက် အထူး လွန်ကဲသောဂုဏ်ကို ပြခြင်း၊
(ခ) ချီးမွမ်းအပ်သောဂုဏ်တို့ဖြင့် ဝမ်းမြောက်ဖွယ်ရာပြခြင်းတို့ကို ဆိုလိုသည်"ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
           
ဝေဿန္တရာမင်းကြီး၏ အလှူစိတ်ကို ဖွဲ့သော "သိဝိတိုင်းသူတို့သည် ငါ့ကို အကယ်၍ နှင်ထုတ်မူလည်း နှင်ထုတ်စေ၊ သတ်မူလည်း သတ်စေ၊ ပိုင်းဖြတ်မူလည်း ဖြတ်စေ၊ အလှူပေးခြင်းမှ ငါ မရှောင်ကြဉ်အံ့" ဟူသောအဖွဲ့တွင် ဝေဿန္တရာမင်းကြီး၏ အလှူထက်သန်သောစိတ်ကို ချီးမွမ်းအံ့သြဖွယ်ပြ၍ ဥဒါရတာဂုဏ် မြောက်လေသည်။
           
ချီးမွမ်းအပ်သောဂုဏ်တွင် အနည်းဆုံး ဂုဏ်ရည်ပြဝိသေသန တစ်ခု ပါရှိသည်။
"ကစားစရာ ရေကန်၊ စာတော်သော ကျောင်းသား၊ တင့်တယ်စွာ ရယ်ရွှင်သည်၊ ရွှေမင်းသမီး၊ မြတဘက်" စသည်တို့သည် ဝိသေသနများ ပါသည့်အတွက် ဥဒါရတာဂုဏ် မြောက်ပါသည်။
           
ဒသမတန်းတွင်ပါဝင်သော
"စံကားပွင့်နှင့် နှိုင်းတင့်နိုးသည်"
"ရဲမျိုးသမီး၊ မောင်ပြီးနှမ၊ ညက်လှပြာစင်"
"မြင်စိုင်းဟူသည် ရွှေပြည်ရွှေပြည်"
"နေရောင်မခံ ပန်းပျံပင်ဆင့်"
"လွမ်းမတတ် စံကားဝါအငူ"  စသည့်အဖွဲ့များသည် ဥဒါရတာဂုဏ်မြောက်သော အဖွဲ့များ ဖြစ်ကြသည်။
          
(၈) ကန္တိဂုဏ်

ကန္တိဂုဏ်ကို 'နှစ်သက်ဖွယ်ဂုဏ်'ဟု အနက်ဖွင့်ကြသည်။

ပုဂံဝန်ထောက်ဦးတင်က
"လောက၌ ထင်ရှားစွာရှိသော အနက်ကို မလွန်သော လူခပ်သိမ်းတို့ နှစ်လိုဖွယ်ရှိသောဂုဏ်သည် ကန္တိဂုဏ် မည်သည်"ဟု ဆိုသည်။
        
နန္ဒမာလိနီ ခေါ် ကဗျာစွယ်စုံကျမ်းတွင် "ကြီးကြီးကျယ်ကျယ် လွန်ကဲစွာ ပြောဆိုသော်လည်း လောကစည်းကမ်းကို မလွန်စေမူ၍ ပြောဆိုသောကြောင့် အပြောကြီးသည်၊ ဝါကြွားသည်၊ လေထွားသည်ဟု မဆိုသာ၊ အံ့သြနှစ်သက်ဖွယ်ရာ ဖြစ်သောဂုဏ်သည် ကန္တိဂုဏ် မည်လေသည်" ဟု ဖွင့်ဆိုပါသည်။

ဥပမာ
"ဗောဓိလောင်းလျာ၊ ပြုသစ္စာကြောင့်
ကမ္ဘာမြေကြီး၊ ပဲ့တင်ဟည်းလျက်
ရိုက်တီးရုတ်ရုတ်၊ ကြိမ်ကြိမ်လှုပ်၏" ဆိုသောအဖွဲမျိုးသည် ကန္တိဂုဏ် မြောက်ပေသည်။
         
ဆရာရန်ကုန်ဘဆွေက 'နှစ်သက်ဖွယ်ရှိသော ဂုဏ်'ဟု အနက်ဖွင့်သည်။ စကားလွန်(ကြီး)အပြစ် (အတိဝုတ္တဒေါသ)၊ စကားရိုင်းအပြစ် (ဂါမ္မဒေါသ) တို့ကို ပြေပျောက်စေသော အရေးအဖွဲ့သည် ကန္တိဂုဏ်မြောက်လေသည်။

"မိသီ၏အလှသည် မြင်သူတစ်ပါးတို့အား ရွှင်လန်းနှစ်သိမ့်မှုကို ပေးစွမ်းနိုင်သော လပြည့်ဝန်းကြီးကဲ့သို့တည်း" ဟူသော အဖွဲ့မျိုးကို ဆိုလေသည်။
       
ဆရာတက္ကသိုလ်မောင်မောင်ကြီးကလည်း
"ကန္တိဂုဏ်ကို အလွန်အမင်း ပြောဆိုရေးသားသော်လည်း ကြွားရာမရောက် နှစ်သက်ဖွယ်ကောင်းအောင်  ဖွဲ့ဆိုသောဂုဏ်"ဟု ဆိုလေသည်။

ဥပမာအားဖြင့်
"အဘိညာဉ်တန်ခိုးကြောင့် မြင်းမိုရ်တောင်ကို ကျောက်ဒိုးကဲ့သို့ ကစားနိုင်သည်"
"အချစ်၏ ဒုက္ခကြောင့် တစ်ညဥ့်လုံးမအိပ်နိုင်၊ တစ်မှေးမျှ မမှေးနိုင်" စသည့် အဖွဲ့မျိုးဖြစ်သည်။
       
စံကျောင်းဆရာတော်က
"အပြောကြီးခြင်း လက္ခဏာ မရှိ၊ ရိုင်းစိုင်းသော လက္ခဏာ မရှိသော ဂုဏ်ဟု ဆိုသည်၊ ကန္တိ ဟူသော ပါဠိဝေါဟာရသည် နှစ်သက်ခြင်း အနက်ရသည်၊ ချီးမွမ်းသော အဖွဲ့သည် နှစ်သက်ဖွယ်ကို အလွန်အကြူး ဆိုသော်လည်း အတိဝုတ္တဒေါသ(အပြောကြီးခြင်း) မသင့်ရပေ" ဟူ၍ ရှင်းလင်းဖွင့်ဆိုထားပါသည်။

ဥပမာ "လှည်းဦး၌ ဆွမ်းတော်စွန့်ထားသော ရွှေဖရုံသီးဖတ်ကို ကျီးချီသွားရာ လှည်းပါ ကပ်ပါ သွားသည်" ဟူသောအဖွဲ့သည် အတိဝုတ္တဒေါသသင့်နေ၍ ကန္တိဂုဏ် မမြောက်တော့ပေ။

"မင်းလွယ်အိတ်က အရူးလွယ်အိတ်ကျနေတာပဲ စုံလို့" ဟူသောအဖွဲ့မျိုးသည် ကန္တိဂုဏ်မြောက်လေသည်။
       
အသံကြမ်း၊ စကားရိုင်းများ မပါဘဲ ချီးကျူးသောအဖွဲ့များ၊ ယုတ္တိမတန် အပြောကြီးမှုလည်း မဖြစ်စေဘဲ ကြားရသူ နှစ်သက်ဖွယ်ဖြစ်အောင် စကားကြီး စကားကျယ် ပြောသောအဖွဲ့မျိုးသည် ကန္တိဂုဏ်မြောက်၍ 'အတိဝုတ္တဒေါသ'မှ ကင်းလွတ်ပါသည်။

(၉) အတ္ထဗျတ္တိဂုဏ်

အတ္ထဗျတ္တိဂုဏ်ကို 'အနက်ပြည့်ဂုဏ်'ဟုလည်း ဆိုကြသလို 'စကားရှင်းအနက်လွယ်ဂုဏ်'ဟုလည်း ဆိုကြသည်။

ပုဂံဝန်ထောက်ဦးတင်က
"သဒ္ဒါအားဖြင့်လည်းကောင်း၊ အနက်အားဖြင့်လည်းကောင်း ဒေါသမသင့်အောင် ရေးသားစီကုံး၍ အနက်အဓိပ္ပာယ် သိလွယ် ထင်ရှားသောဂုဏ်သည် အတ္ထဗျတ္တိဂုဏ်မြောက်သည်"ဟု ဆိုသည်။
             
နန္ဒမာလိနီကျမ်းဆရာကလည်း အတ္ထဗျတ္တိဂုဏ်ကို ပုဂံဝန်ထောက်မင်း၏ ဖွင့်ဆိုချက်အတိုင်း ဖော်ပြထားပေသည်။ "နေယျဒေါသလွတ်လျှင် အတ္ထဗျတ္တိဂုဏ်မြောက်သည်"ဟု ဆိုလေသည်။
            
ဆရာရန်ကုန်ဘဆွေက 'စကားရှင်းအနက်လွယ်ဂုဏ်'ဟု အနက်ဖွင့်လေသည်။ စကားလိုအပြစ် 'နေယျဒေါသ'၊ ပုဒ်ထားရှုပ်အပြစ် 'ဗျာကိဏ္ဏဒေါသ'တို့က လွတ်လျှင် အတ္ထဗျတ္တိဂုဏ် မြောက်လေသည်။

အတ္ထဗျတ္တိဂုဏ်ကို
(၁)သဒ္ဒါအားဖြင့်ထင်ရှားသော စကားရှင်းအနက်လွယ်ဂုဏ်၊
(၂)အဓိပ္ပါယ် သဘောအားဖြင့် ထင်ရှားသော စကားရှင်းအနက်လွယ်ဂုဏ် ဟူ၍ နှစ်မျိုးခွဲထားသည်။

ဥပမာ
"ဝင်းပပလရောင်ဟပ်၍၊ လောကဓာတ်ကြီး တစ်ခုလုံးသည် ငွေရည်ဖြင့် သွန်းလောင်းခြင်း ခံထားရဘိသို့ ဖွေးဖြူလှပ၏" သည် သဒ္ဒါအားဖြင့် ထင်ရှားသော စကားရှင်း အနက်လွယ်ဂုဏ် ဖြစ်သည့် သဒ္ဒအတ္ထဗျတ္တိဂုဏ် မြောက်လေသည်။
            
ဆရာတက္ကသိုဘ်မောင်မောင်ကြီးက "ဆိုလိုရင်းအနက်ကို ပြည့်ပြည့်စုံစုံ ပေါ်ပေါ်လွင်လွင် ဖော်ပြနိုင်စွမ်းရှိသော ဂုဏ်ကို ဆိုလိုပါသည်" ဟု ဖွင့်ဆိုထားပါသည်။

ဥပမာ..
"တောအုပ်တစ်ခုလုံး ဟစ်အော်ကြွေးကြော် လှုပ်ရှားနေခြင်းကား လေသင်ဓုန်းကဲ့သို့ တိုက်ခိုက်နေသော လေဟုန်ကြောင့် ဖြစ်သည်" ဟူသောအဖွဲ့မျိုး ဖြစ်သည်။
            
ဆရာမောင်ခင်မင်က "နေယျဒေါသ၊ ဗျာကိဏ္ဏဒေါသတို့မှ လွတ်လျှင် အတ္ထဗျတ္တိဂုဏ်မြောက်သည်"ဟု ဆိုသည်။

"ရပ်ဆယ်မျက်နှာ၊ ဖြူဖွေးစွာသည်၊ ညဥ့်ခါကာလ၊ တင့်တယ်လှ" ဟူသောအဖွဲ့သည် ညအခါ အရပ်ဆယ်မျက်နှာလုံး ဖြူနေသည်သာ ပါသည်။ ဘာကြောင့် ဖြူရကြောင်း မပါ၍ 'နေယျဒေါသ' သင့်နေသဖြင့် အတ္ထဗျတ္တိဂုဏ် မမြောက်ပေ။

"အေးကြည်လျှပ်လျှပ်၊ လရောင်ဟပ်၍၊ ရပ်ဆယ်မျက်နှာ၊ ဖြူဖွေးစွာသည်၊ ညဥ့်ခါကာလ၊ တင့်တယ်လှ" ဟုဆိုလျှင် လရောင်ကြောင့် ဖြူဖွေးရခြင်းကို သိရ၍ 'နေယျဒေါသ'မှ လွတ်သဖြင့် အတ္ထဗျတ္တိဂုဏ်မြောက်ပါသည်။
            
ဗျာကိဏ္ဏဒေါသကို ပုဒ်ထားရှုပ်အပြစ်ဟု ဆိုသည်။
"ခိုးမှုကျူးလွန်သော ဦးဘ၏သား မောင်မြကို ရဲက ဖမ်းသွားသည်။"
"ငြိမ်းချမ်းသည် ကြောင်အိမ်ထဲက နေတိုးကို ငါးကြော်တစ်ကောင် ကျွေးလိုက်သည်။" တို့သည် ပုဒ်အထားအသို ရှုပ်ထွေး၍ 'ဗျာကိဏ္ဏဒေါသ' သင့်နေသဖြင့် အတ္ထဗျတ္တိဂုဏ် မမြောက်ပေ။

"ခိုးမှုကျူးလွန်သော မောင်မြ"၊ "ကြောင်အိမ်ထဲက ငါးကြော်" ဟုရေးပါက ပုဒ်အထားအသို မရှုပ်ထွေးတော့ဘဲ အဓိပ္ပာယ်ရှင်းလင်း၍ 'ဗျာကိဏ္ဏဒေါသ'မှလွတ်၍ အတ္ထဗျတ္တိဂုဏ် မြောက်ပါသည်။
             
ဒသမတန်း မြန်မာကဗျာလက်ရွေးစင်စာအုပ်တွင်
"တပေါင်းညှာကျင်၊ နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့၊ ပရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်၊ နုညိုစင်ငယ်တဲ့လေး"
"တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရဓာတ်စွယ်"    ဟူသောအဖွဲ့မျိုးသည် အတ္ထဗျတ္တိဂုဏ်မြောက်ပါသည်။

(၁၀) သမာဓိဂုဏ်

သမာဓိဂုဏ်ကို 'တင်စားဂုဏ်'ဟု အနက်ဖွင့်ကြသည်။ တချို့ကလည်း 'ကဗျာလင်္ကာတို့၏ အသက်ပမာ ဖြစ်သော သမာဓိဂုဏ်'ဟု ဆိုကြသည်။
            
ပုဂံဝန်ထောက်ဦးတင်က
"သမာဓိဂုဏ်ကို တစ်စုံတစ်ခုသော ဝတ္ထု၌ အစဉ်ထုံးစံရှိမြဲ ဓမ္မတာ ဖြစ်သောသဘောကို ရှိမြဲဓမ္မတာ မဟုတ်သော ဝတ္ထု၌ တင်စား ပြောဆိုခြင်းသည် သမာဓိဂုဏ် မြောက်သည်"ဟု ဆိုသည်။

ဥပမာ ကိုးခန်းပျို့၌
"ဟိရိကျောငွေ၊ သြတ္တပ်ရွှေနှင့်၊ နှံ့မွေကြာပုံ၊ ခက်ရုံသန္တာ၊ သဒ္ဓါမျက်မြ၊ သီလပုလဲ၊ စွန့်ကြဲဒါန၊ စာဂမဏိ၊ ဗုဒ္ဓိဝရဇိန်၊ တောက်ထိန်ခုနစ်ပါး၊ ဥစ္စာများကို၊..." အဖွဲ့တွင်
ဝတ္ထုအစိုင်အခဲ မဟုတ်သော သူတော်ကောင်းတရား ၇-ပါးကို အစိုင်အခဲဖြစ်သော ရွှေငွေရတနာများဖြင့် တင်စားစီကုံးသောကြောင့် သမာဓိဂုဏ်မြောက်ပါသည်။
            
နန္ဒမာလိနီကျမ်းနှင့် ဆရာရန်ကုန်ဘဆွေတို့က
"မုချဖြစ်သော ဝတ္ထု၏သဘောကို မုချမဟုတ်သော ဝတ္ထု၌ လောကစည်းကမ်းကို မလွန်စေမူ၍ တင်စားပြောဆိုသော ဂုဏ်"ဟု အနက်ဖွင့်ပါသည်။

ထိုဂုဏ်ကို သီချင်းကဗျာ ဂါထာအဖွဲ့ ဟူသမျှတို့၏ အသက်သဖွယ် အနှစ်သာရသဖွယ် ဖြစ်သောကြောင့် ကဗျာ့အနှစ် (ဗန္ဓသာရ) ဟူ၍ ပညာရှိတို့ အသိအမှတ်ပြုကြသည်။

(၁) သက်ရှိကို သက်ရှိမဟုတ်ရာ၌ တင်စားခြင်း
(ဝသုန္ဒရေ၊ ဤမြေပံသု၊ သက်သေပြုလော့)
(၂) သဏ္ဌာန်ရှိကို သဏ္ဌာန်မရှိရာ၌ တင်စားခြင်း
(သီလမြေဝယ်၊ ခြေတော်ဝီရိယ၊ စုံတက်ကြွလျက်၊ သဒ္ဓါလက်ဖြင့်၊ ပညက်ပုဆိန်၊ ကိုင်ဆွဲချိန်၍)
(၃) အရသာရှိကို အရသာမရှိသောအရာ၌ တင်စားခြင်း
(ဓမ္မရသာ၊ မြိုက်သြဇာသည်၊ ချိုသာအေးမြ၊ မွှေးကြိုင်လှ၏)
(၄) အရည်ရှိတာကို အရည်မဟုတ်တာနှင့်တင်စားခြင်း (မေတ္တာရေစင်၊ တသွင်သွင်ဖြင့်၊ နေ့စဉ်ဆွတ်ဖြန်း)
(၅) သက်မဲ့တို့၌ မဖြစ်နိုင်သော ခံစားချက်ကို သက်ရှိများတွင်ဖြစ်သည့် ခံစားချက်များဖြင့် တင်စားခြင်း
(မာရ်မင့်းသေနာ၊ အာဝုဓာတို့၊ တွေးကာ ရှက်ကြောက်၊ ကိုယ်ရောင်ဖျောက်၍၊ ပေါက်ပေရက်အသွင်၊ ဦးညွတ်တင်လျက်)
(၆) အစိုင်အခဲရှိတာကို အဆိုင်အခဲမရှိရာ၌ တင်စားခြင်း
(မြင်းမိုရ်တောင်ဦး၊ မကကျူးသည့်၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့် ဖခင်တဝ၊ အနန္တတို့)
ဟူ၍ သမာဓိဂုဏ်ကို ခြောက်မျိုးခွဲခြားလေသည်။
              
တက္ကသိုလ်မောင်မောင်ကြီးက
"တိုက်ရိုက်ရေးနည်းမျိုး မဟုတ်ဘဲ တင်စားသော ဥပမာစကားဖြင့် ရေးသားစီကုံးခြင်းကို သမာဓိဂုဏ်"ဟု ဆိုသည်။ အထက်ပါခြောက်မျိုးကိုပင် ဖော်ပြထားသည်။

ဥပမာ...
"သစ္စာမြေပေါ်တွင် မေတ္တာပင်စိုက်၍ ကရုဏာရေ သွန်းလောင်းမည်။"
"ပညာရည်နို့ သောက်စို့ကြသည်။"
"မေတ္တာမိုးရေ ရွာသွန်းစွေသည်။"   တို့သည် သမာဓိဂုဏ်အဖွဲ့များ ဖြစ်ကြသည်။
              
သမာဓိဂုဏ်အကြောင်းကို ကျမ်းအတော်များများတွင် အထက်ပါခြောက်မျိုးကိုသာ ဖော်ပြနေကြသည်။ ဆရာမောင်ခင်မင်၏ စာအုပ်တွင် အထက်ပါခြောက်မျိုးအပြင်
"အနံ့မရှိသည်ကို ရှိသကဲ့သို့ တင်စားလျှင် သမာဓိဂုဏ်မြောက်ပါသည်" ဟူ၍ တစ်ခုထပ်တိုး ဖော်ပြထားသည်။

ဥပမာအားဖြင့်
"မေတ္တာရနံ့၊ သင်းပျံ့မွှေးကြိုင်"၊ "ကောင်းသတင်း မွှေးသည်"၊
"လျှို့ဝှက်ကြံစည်မှုက အနံ့ထွက်လာသည်" ဟူသောအဖွဲ့များသည် ရနံ့မရှိသည်ကို ရှိသကဲ့သို့ တင်စားသော သမာဓိဂုဏ်များ ဖြစ်ကြပါသည်။
  
ဂုဏ်ဆယ်ပါး အဆုံးသတ်ပါပြီ။
ကျေးဇူးတင်ပါသည်။

[ကိုးကား ပုဂံဝန်ထောက်ဦးတင်၏ 'ကဗျာဗန္ဓသာရကျမ်း'၊
ဦးရွှေအောင်၏ 'ရသစာပေ၏ရသ'၊
ရန်ကုန်ဘဆွေ၏ 'စာရေးခြင်းအတတ်'၊  တက္ကသိုလ်မောင်မောင်ကြီး၏ 'အုတ်မြစ်တလွှာ'၊
မောင်ခင်မင်(ဓနုဖြူ)၏ 'ဂုဏ်၊ အလင်္ကာ၊ရသ သင်ကြားရေး']

ချမ်းငြိမ်းနိုင် [ငြိမ်းချမ်း (ဗိုလ်ချုပ်ရွာ)]

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ