အမေးအဖြေ

မိလိန္ဒမင်း နှင့် အရှင်နာဂသေနတို့၏
*******************************
သိမ်မွေ့နက်နဲသော
*****************
ဘာသာရေးအမေးအဖြေများ
*************************

      🎎 မတိုင်ပင်အပ်သူ ရှစ်ဦးလူ 🎎

''အရှင်ဘုရား..မတိုင်ပင်အပ်သည့် နေရာအရပ် (၈)ပါးအပြင် မတိုင်ပင်အပ်သူ (၈)ဦးလည်း ရှိပြန်ပါ၏'

''ဆက်ပါဦး..ဒကာနော်''
''အရှင်ဘုရား..လောက၌ မတိုင်ပင်အပ်သောသူ (၈)ဦးတို့ကား-

၁။ ရာဂလွန်ကဲသူ
၂။ စိတ်ဓာတ်ခက်ထန်သူ
၃။ တွေဝေထိုင်းမှိုင်းသူ
၎။ ထောင်လွှားတက်ကြွသူ
၅။ လိုချင်တပ်မက်စိတ်ရှိသူ
၆။ ပျင်းရိသူ
၇။ မိမိတစ်ဦးတည်းသာ ကြံစည်တတ်သူ
၈။ မိုက်မဲသောသူ

စသည်တို့ ဖြစ်ကြပါသည် အရှင်ဘုရား''

''အရှင်မင်းကြီး..အဆိုပါ (၈)ဦးတို့အား တိုင်ပင်မိပါက မည်သို့ အကျိုးပျက်စီးတတ်ပါသနည်း''

''အရှင်ဘုရား..ထိုသူတို့ကို တိုင်ပင်မိခြင်းဖြင့် အကျိုးပျက်စီးခြင်း ဧကန်ဖြစ်ပါ၏။

၁။ ရာဂလွန်ကဲသူကို တိုင်ပင်မိသောအခါ

- ပျော်ပါးမှု၌သာ စိတ်ထက်သန်သူဖြစ်၍ အကျိုးပျက်စီးတတ်ပေ၏။

၂။ စိတ်ဓာတ်ခက်ထန်သူကို တိုင်ပင်မိသောအခါ

- ယဉ်ကျေးချေငံမှု မရှိသဖြင့် အကျိုးပျက်စီးတတ်၏။

၃။ တွေဝေထိုင်းမှိုင်းသူကို တိုင်ပင်မိသောအခါ

- ကောင်းခြင်း၊ ဆိုးခြင်းကို ဝေဖန်ခွဲခြား မသိတတ်၍ အကျိုးပျက်စီးတတ်၏။

၎။ ထောင်လွှားတက်ကြွသူကို တိုင်ပင်မိသောအခါ

- အညီအညွတ် အပြေအပြစ် မရှိသဖြင့် အကျိုးပျက်စီးတတ်ပေ၏။

၅။ လိုချင်တပ်မက်စိတ်ရှိသူကို တိုင်ပင်မိသောအခါ

- မိမိအကျိုး မိမိအခွင့်အရေးကိုသာ ရှေးရှုလွန်းသဖြင့် အကျိုးပျက်စီးတတ်ပေ၏။

၆။ ပျင်းရိသူကို တိုင်ပင်မိသောအခါ

- နိုးကြားထက်သန်မှု မရှိသဖြင့် အကျိုးပျက်စီးတတ်ပေ၏။

၇။ မိမိတစ်ဦးတည်းသာ ကြံစည်တတ်သူကို တိုင်ပင်မိသောအခါ

- အသိအမြင် မကျယ်ပြန့် မနှံ့စပ်သဖြင့် အကျိုးပျက်စီးတတ်ပေ၏။

၈။ မိုက်မဲသောသူကို တိုင်ပင်မိသောအခါ

- ထောက်ထားဆင်ခြင်တတ်သူ မဟုတ်သဖြင့် အကျိုးပျက်စီးတတ်ပေ၏။

အရှင်ဘုရား၊ ဤကဲ့သို့ မတိုင်ပင်အပ်သူ (၈)ဦးအပြင်၊ တိုင်ပင်၍ မဖြစ်၊ မလုံမခြုံ စိတ်မချရသူတို့လည်း ရှိပါသေးသည် ဘုရား''

ခုတော့လည်း မိလိန္ဒမင်းကြီးသည် အမေးပြဿနာ မထုတ်တော့ဘဲ သူလေ့လာမှတ်သားထားသည်တို့အား မှတ်ကျောက်တင်သည့်အလား အရှင်မြတ်နာဂသေနအပေါ် လျှောက်ထားနေပြန်တော့၏။

သည်အခါ.. အရှင်မြတ်နာဂသေနအဖို့ စကားထောက်သဖွယ် ဖြစ်နေရလေပြီကော။

🔒စိတ်မချရသူများ 🔒

''အရှင်မင်းကြီး..တိုင်ပင်မှုတွင် မလုံခြုံ စိတ်မချရသူတို့ကား အဘယ်နည်း။ အရေအတွက် မည်မျှရှိသနည်း။''

''အရှင်ဘုရား.. တိုင်ပင်မှုတွင် မလုံခြုံ စိတ်မချရသူအပေါင်းမှာ (၉)ဦး ရှိပါ၏။ ၎င်းတို့ကား-

၁။ ရာဂလွန်ကဲသူ
၂။ စိတ်ဓာတ်ခက်ထန်သူ
၃။ တွေဝေထိုင်းမှိုင်းသူ
၎။ ကြောက်ရွံ့ထိတ်လန့်တတ်သူ
၅။ တံစိုးလက်ဆောင်ပစ္စည်း၌ အလေးအမြတ်ပြုသူ
၆။ မိန်းမ
၇။ သေသောက်ကြူးသူ
၈။ မိန်းမ, ယောက်ျား အစစ်မဟုတ်သော ယောက်ျားလျာ, မိန်းမလျာ
၉။ ကလေးသူငယ်

စသည်တို့ ဖြစ်ကြပါသည် ဘုရား..'

''အရှင်မင်းကြီး..၎င်းတို့ကို တိုင်ပင်ခြင်းဖြင့် မည်သို့ဖြစ်တတ်ပါသနည်း''

''အရှင်ဘုရား.. ထိုသူ (၉)ဦးတို့ကို တိုင်ပင်ခြင်းဖြင့် အကျိုးပျက်ပြားမှုကို လျှောက်တင်ပါအံ့''

၁။ ရာဂလွန်ကဲသူသည် ပျော်ပါးမှု လွန်ကြူးခြင်းဖြင့် လျှို့ဝှက်ထားအပ်သော တိုင်ပင်မှုတို့ကို ထုတ်ဖော်ပြောဆိုတတ်၏။

၂။ စိတ်ဓာတ်ခက်ထန်သူသည် ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် လျှို့ဝှက်တိုင်ပင်မှုတို့ကို ထုတ်ဖော်ပြောဆိုတတ်၏။

၃။ တွေဝေထိုင်းမှိုင်းသူသည် အရေးကြီးသည်, မကြီးသည်ကို မသိသောကြောင့် လျှို့ဝှက်တိုင်ပင်မှုတို့ကို ထုတ်ဖော် ပြောဆိုတတ်၏။

၎။ ကြောက်ရွံ့ထိတ်လန့်တတ်သူသည် စိတ်ချောက်ချားလွယ်သောကြောင့် လျှို့ဝှက်တိုင်ပင်မှုတို့ကို ထုတ်ဖော်ပြော ဆိုတတ်၏။

၅။ တံစိုးလက်ဆောင်ပစ္စည်း၌ အလေးအမြတ်ပြုသူသည် ထိုလက်ဆောင်ဝတ္ထုပစ္စည်းကို တပ်မက်သောကြောင့်ပင် လျှို့ဝှက်တိုင်ပင်မှုတို့ကို ထုတ်ဖော်ပြောဆိုတတ်၏။

၆။ မိန်းမဟူသည် ချင့်ချိန်တွေးဆနိုင်မှုဟူသော ပညာမရှိခြင်းကြောင့် လျှို့ဝှက်တိုင်ပင်မှုတို့ကို ထုတ်ဖော်ပြောဆို တတ်၏။

၇။ သေသောက်ကြူးသူသည် သေအရက် ယစ်မူးခြင်းကြောင့် လျှို့ဝှက်တိုင်ပင်မှုတို့ကို ထုတ်ဖော်ပြောဆိုတတ်၏။

၈။ မိန်းမမဟုတ်၊ ယောက်ျား မဟုတ်၊ ယောက်ျားလျာ၊ မိန်းမလျာတို့သည် သဘာဝမမှန်သူ ဖြစ်သောကြောင့် လျှို့ဝှက်တိုင်ပင်မှုတို့ကို ထုတ်ဖော်ပြောဆိုတတ်၏။

၉။ ကလေးသူငယ်တို့မည်သည် သင့်မသင့်တို့ကို မသိတတ်၊ ပြောလွယ်ဆိုလွယ် ရှိသောကြောင့် လျှို့ဝှက်တိုင်ပင်မှု တို့ကို ထုတ်ဖော်ပြောဆိုတတ်၏။

အရှင်ဘုရား..ထိုမှတစ်ပါး ပညာရရှိစေသောအကြောင်း တရား (၈) ပါးလည်း ရှိပါသေး၏ ဘုရား´´

``ကောင်းပေပြီ ... ထိုပညာရရှိစေကြောင်း အင်္ဂါ (၈) ပါးကိုလည်း ဆိုပါလေဦး´´

📖 ပညာရစေ ဤ (၈) ထွေ 📖

''အရှင်ဘုရား.. ပညာရရှိစေသော အကြောင်း အင်္ဂါ (၈) ပါးမှာ-

၁။ အသက်အရွယ် အားလျော်စွာဖြင့်လည်း ပညာရရှိစေတတ်၏။
၂။ ပရိသတ် အခြံအရံကြောင့်လည်း ပညာရရှိစေတတ်၏။
၃။ ဆွေးနွေးမေးမြန်း စူးစမ်းကြံဆအပ်၍လည်း ပညာရှိစေတတ်၏။
၎။ ကြာမြင့်စွာ နေသဖြင့်လည်း ပညာရရှိစေတတ်၏။
၅။ တွေ့မြင်သမျှတို့၌ အသင့်အတင့် နှလုံးသွင်းတတ်ခြင်း၊ သဘောသဘာဝကို စဉ်းစားဝေဖန်တတ်မှုကြောင့်လည်း ပညာရရှိစေတတ်၏။
၆။ အစဉ်မပြတ် လေ့လာဆွေးနွေးခြင်းကြောင့်လည်း ပညာရရှိစေတတ်၏။
၇။ ချစ်သောသူကို အမှီပြုခြင်းဖြင့်လည်း ပညာရရှိစေတတ်၏။
၈။ အရပ်ဒေသ အားလျော်စွာလည်း ပညာရရှိစေတတ်၏။

အရှင်ဘုရား.. တစ်ဆက်တည်း ဆိုသလိုပင် ဆရာကောင်းတို့၏ ဂုဏ်ကျေးဇူး (၂၅)ပါးကိုလည်း တင်လျှောက်လိုပါသေး၏''

''တင်လျှောက်လော့.. ဒကာတော်''

👴 ဆရာကောင်းတို့ ကျေးဇူးများ 👴

''အရှင်ဘုရား..ဆရာကောင်းတို့၏ ဂုဏ်ကျေးဇူးမှာ (၂၅)ပါး ရှိပါ၏။ ၎င်းတို့သည်ကား..

၁။ တပည့်ဖြစ်သူအား အခါခပ်သိမ်း စောင့်ရှောက်ခြင်း
၂။ တစ်စုံတစ်ခု၌ ပြုသင့်, မပြုသင့်ကို သိစေခြင်း
၃။ မေ့လျော့သည်, နိုးကြားသည်ကို သိတတ်ခြင်း
၎။ အနေအထိုင် (အိပ်ခြင်း, နေခြင်း စသည်) ကို သိတတ်ခြင်း
၅။ ကျန်းမာသည်, မကျန်းမာသည်ကို သိတတ်ခြင်း
၆။ အစားအသောက် ပြည့်စုံသည်, မပြည့်စုံသည်ကို သိတတ်ခြင်း
၇။ တစ်စုံတစ်ရာ ထူးခြားမှု (အကြောင်းကိစ္စတစ်ခုခု) ရှိ မရှိကို သိတတ်ခြင်း
၈။ ရအပ်သော အစာအာဟာရသည် တင်းတိမ်အားရလောက်ခြင်း ရှိ၊ မရှိကို သိတတ်ခြင်း
၉။ တပည့်အပေါ် စိတ်အားမငယ်ရန်၊ တပည့်၏ ဘဝလမ်းတိုးတက်မှုကို အားပေးနှစ်သိမ့်တတ်ခြင်း
၁ဝ။ ဤသည်ကား ငါ့တပည့်အဖို့ ကောင်းစွာသော အလုပ်အကျွေး ဖြစ်ပေသည်ဟု သိတတ်ခြင်း
၁၁။ အစားအစာ သုံးဆောင်မှီဝဲရာ၌ ကျွမ်းကျင်စွာ စီမံခန့်ခွဲတတ်သူကို သိတတ်ခြင်း
၁၂။ အားလုံးသော အမှုကိစ္စများ၌ ကောင်းစွာစီစဉ် ပြုလုပ်တတ်သူကို သိတတ်ခြင်း
၁၃။ တပည့်ဖြစ်သူနှင့် ရောနှော၍ ရယ်မောပျော်ရွှင်မှု မပြုခြင်း
၁၄။ တပည့်ဖြစ်သူနှင့် လွန်စွာ အကျွမ်းမဝင်ခြင်း
၁၅။ တပည့်ဖြစ်သူ၏ အပြစ်(ချွတ်ယွင်းချက်)ကို သည်းခံတတ်ခြင်း
၁၆။ တပည့်ဖြစ်သူနှင့် ပြောဆိုဆက်ဆံရာတွင် မိမိကိုယ်ကို လွန်စွာ မနှိမ့်ချခြင်း
၁၇။ လျှို့ဝှက်အပ်သည့် အတတ်ပညာ၌ လျှို့ဝှက်ခြင်း
၁၈။ အလုံးစုံ သင်ပြပေးသင့်သည်တို့အား သင်ပြပေးခြင်း
၁၉။ တပည့်ဖြစ်သူသည် မိမိ(ဆရာဖြစ်သူ)၏ အတတ်ပညာကို အမှန်အတိုင်း သိတတ်စေခြင်း
၂ဝ။ အတတ်ပညာရပ်တို့၌ မေ့လျော့ ဆုတ်ယုတ်အပ်သော် တိုးတက်ပွားများ စေတတ်ခြင်း
၂၁။ တပည့်ဖြစ်သူအပေါ် ပညာရပ်ကို ကောင်းစွာ တတ်မြောက်စေအံ့ ဟူသော ရှေးရှုအားသန်မှုရှိခြင်း
၂၂။ တပည့်အပေါ်၌ အခါခပ်သိမ်း ကြင်နာမှုရှိခြင်း
၂၃။ ဘေးရန် ပေါ်လာသည့်အခါ စွန့်ပစ်ရှောင်ခွာမှု မရှိခြင်း
၂၄။ ပြုသင့်ပြုအပ်သည်များ၌ မမေ့မလျော့တတ်ခြင်း
၂၅။ တပည့်ဖြစ်သူ မှားယွင်းမေ့လျော့ခဲ့သော် တရားနှင့်အညီ ထိန်းကျောင်းပြုပြင်ပေးခြင်း

စသည်တို့သည် ဆရာကောင်းတို့၏ ဂုဏ်အင်္ဂါကျေးဇူးများ ဖြစ်ကြပါ၏အရှင်ဘုရား..''

''ကောင်းပေစွ.. မှန်ပေစွ ဒကာတော်''

------------

📚 ဆရာကောင်းနှင့် တပည့်ကောင်း 📚

''အရှင်ဘုရား..
အရှင်ဘုရားသည် တပည့်တော်အပေါ်၌ ဆရာကောင်း ဖြစ်တော်မူပါ၏လော့။ တပည့်တော်သည်လည်း ဆရာကောင်း တပည့်ဖြစ်စေရန် အားထုတ်တော်မူပါအံ့။
အရှင်ဘုရား.. တပည့်တော်အနေဖြင့် နောင်အခါ ဘုရားရှင်ကဲ့သို့ ဆရာကောင်းအား ရရှိနိုင်စွမ်းရှိတော့မည် မဟုတ်ပါ။ တပည့်တော်၌လည်း ဘုရားရှင် ဟောကြားထားသည်များနှင့် ပတ်သက်၍ အချို့သော အကြောင်းကိစ္စရပ်များ၌ သို့လော.. သို့လောဟူ၍ တွေးတောယုံမှားနေခြင်းများ ရှိနေပါသေး၏။ သည့်အတွက် ဆရာကောင်းပီသစွာ တပည့်တော်အား ပညာမျက်စိဖွင့်၍ ဆီးမီးတန်ဆောင် အလင်ရောင်တို့ကို ထွန်းညှိပေးတော်မူပါ ဘုရား..''

''ကောင်းပေပြီ မင်းကြီး..သင်မင်းကြီးကား သာသနာတော်၏ တိုးတက်ပြန့်ပွားခြင်းကို လိုလားအပ်သူ ဖြစ်သည့်အတွက် ဥပသကာပုဂ္ဂိုလ်အဖြစ် သက်ဝင်ရောက်ရှိနေပေပြီ။ သို့ဖြစ်ပေရာ ဥပသကာတို့၏ ဂုဏ်ကျေးဇူး(၁ဝ)ပါးအား ရှင်းလင်းမိန့်ကြားတော်မူပါအံ့''

''နာကြားလိုပါသည် အရှင်ဘုရား''

''အရှင်မင်းကြီး.. ဥပသကာဂုဏ် (၁ဝ)ပါးကား..

၁။ သံဃာတော်တို့နှင့် ဆင်းရဲအတူ ချမ်းသာအမျှနေကာ တရားတော်သည်သာလျှင် အလေးအနက် အမွန်အမြတ် ဖြစ်အပ်ခြင်း
၂။ မိမိ၏ အသိပညာအားလျော်စွာ ကောင်းစွာသော ဝေဖန်ပိုင်းခြားမူ ရှိခြင်း
၃။ မြတ်စွာဘုရားရှင်၏ သာသနာတော်ကို တိုးပွားအောင်ပြုခြင်း
၎။ အသက်မွေးမှုဟူသော အကြောင်းတစ်ခုဖြင့် တစ်ပါးသော အယူအဆကို လက်ခံခြင်း၊ တစ်ပါးသူကို ဆရာတင်ခြင်းမပြုဘဲ ဗုဒ္ဓမြတ်စွာသာသနာတော်၌သာ ကောင်းစွာ သက်ဝင် ယုံကြည်ခြင်း
၅။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ စောင့်ထိန်းခြင်း
၆။ တရားကျင့်ဖော်, သီတင်းသုံးဖော်တို့နှင့် ညီညွတ်စည်းလုံးစွာ နေထိုင်၍ ဆိုဆုံးမရ လွယ်ကူခြင်း
၇။ မိမိ၏ ထင်ရှားကျော်စောမှုအတွက် အထူးအခြား အံ့ဖွယ်သူရဲ အပြုအမှုတို့ဖြင့် သာသနာတော်ကို မထိပါးစေခြင်း
၈။ မြတ်စွာဘုရားရှင်အပေါ်၌ ပကတိ သက်ဝင်ယုံကြည်မှုရှိခြင်း
၉။ တရားတော်၌ ပကတိ သက်ဝင်ယုံကြည်မှုရှိခြင်း
၁ဝ။ သံဃာတော်၌ ပကတိ သက်ဝင်ယုံကြည်မှုရှိခြင်း စသည်တို့ဖြစ်ကြကုန်၏။

အရှင်မင်းကြီး..အရှင်မင်းကြီး၌ ဥပသကာပုဂ္ဂိုလ်တို့၏ (၁ဝ)ပါးသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံပါပေ၏။ သင်မင်းကြီး မေးလိုသော ပြဿနာတို့မှာလည်း ဘုရားရှင်၏ သာသနာတော်ကို တိုးတက်ပြန့်ပွားစေလိုသည့်အတွက် ငါကောင်းစွာ ခွင့်ပြုပါ၏။ အလိုရှိရာကို မေးလေလော့..''


💥 ပူဇော်မှု၏ အကျိုးတရား 💥

အရှင်ဘုရား..

အရှင်ဘုရားနှင့် ပတ်သက်၍ တိတ္ထိအပေါင်းက ဤသို့ပြောဆိုနေကြပါ၏။

'' ဗုဒ္ဓဘုရားရှင်သည် ပူဇော်သက္ကာရပြုမှုအား သာယာနှစ်သက်ခဲ့ရိုး မှန်ပါက ပရိနိဗ္ဗာန် မပြုသေး။ ဤလောကကြီး၌ပင် ရှိနေဦးအံ။ ဤလောကကြီးနှင့် ဆက်သွယ်နေဦးအံ့။ သို့မှသာလျှင် လှူဒါန်းခြင်းများအပေါ် သာယာသည်နှင့်အမျှ လှူဒါန်းသူတို့ အကျိုးရှိမှာဖြစ်ကြောင်း၊ အကယ်၍ ပရိနိဗ္ဗာန် ပြုသွားခဲ့လျှင်လည်း လှူဒါန်းမှုများအပေါ် မသာယာနိုင်တော့၊ မသိနိုင်တော့သည့် အတွက် လှူဒါန်းမှုများမှာ အကျိုးမရှိနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ဂေါတမဘုရားရှင်သည် လှူဒါန်းပူဇော်ရန် အတွက် မသာယာနိုင်သောကြောင့် ဖြစ်ကြောင်း' ပြောဆိုနေကြပါ၏။

ထိုသို့ အစွန်းနှစ်ဖက်ထွက်နေသော ပြဿနာသည် အရှင်ဘုရား ဖြေရှင်းပေးမှသာလျှင် ပြေလည်ပါကုန်အံ့။ အမှန်ကိုလည်း သိရလေအောင် ပရဝါဒီ တိတ္ထိတို့၏ ပြောဆိုစွပ်စွဲမှုကိုလည်း ချေပနိုင်ရလေအောင် စွမ်းဆောင်ပေး တော်မူပါ ဘုရား..''

''ဒကာတော်.. မင်းကြီး, ဗုဒ္ဓဘုရားရှင်သည် လှူဒါန်းပူဇော်မှုများအပေါ်၌ သာယာခြင်း မရှိသည်မှာလည်း မှန်ပေ၏။ ပရိနိဗ္ဗာန် ပြုသွားခဲ့သည်မှာလည်း မှန်ပေ၏။ စင်စစ် ဘုရားရှင်သည် မဟာဗောဓိပင်ရင်း၌ စံမြန်းစဉ်အခါကပင် ရာဂနှင့် စပ်ယှဉ်သော သာယာမှုအပေါင်းအား အကြွင်းမဲ့ ပယ်စွန့်လိုက်ပြီးလည်း ဖြစ်ပေ၏။

ပရိနိဗ္ဗာန် စံဝင်၍ ကမ္မဇရုပ် ချုပ်တော်မူပြီးသည့်အခါတွင် မည်သို့မျှ ပြောဆိုဖွယ်ရာ ရှိတော့မည် မဟုတ်။ ရှင်သာရိပုတ္တရာ ကိုယ်တော်တိုင်ကပင်လျှင် ...

`လူအပေါင်းတို့၏ ပူဇော်ရာဖြစ်သော၊ အတုမရှိသည့် ဘုရားရှင်တို့နှင့် တူကုန်သော ဂေါတမဘုရားရှင်ကား ပူဇော် သက္ကာရကို မသာယာကုန်´
ဟူ၍ မိန့်မြွက်ခဲ့ဖူးပါ၏....

``အရှင်ဘုရား ... ရှင်သာရိပုတ္တရာ၏ မိန့်မြွက်ချီးကျူးစကားသည် ကိုယ်ကြည်ညိုရာ ကိုယ်ဆွဲဆောင်သလိုမျိုး ဖြစ်မနေပါလော။
သည်မျှနှင့် တစ်ဖက်ပုဂ္ဂိုလ် ပရဝါဒီ တိတ္ထိတို့အား ချေဖျက်နိုင်ရန် မလုံလောက်ဟု ထင်မြင်ယူဆမိပါသည် အရှင်ဘုရား။ သို့ဖြစ်၍ ကြောင်းကျိုးလျော်ကန် ယုတ္တိတန်ခြင်းနှင့်အတူ ပရဝါဒီတိတ္ထိအပေါင်းတို့ မလှန်နိုင်ရန် ဖြေရှင်း ပေးတော်မူပါ ဘုရား''

''ကောင်းပေပြီ ဒကာတော်.. ဗုဒ္ဓဘုရားရှင် ဦးစွာမိန့်ဆိုပြီးခဲ့သည့်အတိုင်း ဗောဓိပင်ရင်းကတည်းကပင် သာယာတပ်မက်မှုအပေါင်းကို စွန့်လွှတ်ခဲ့ပြီး ဖြစ်ပေ၏။ ထို့ပြင် ခန္ဓာဇာတ်သိမ်း ချုပ်ငြိမ်းတော်မူခဲ့ပြီးလည်း ဖြစ်ပေ၏။
သို့သော် ဘုရားရှင်ကိုယ်တော်တိုင်က ထိုကဲ့သို့ ပူဇော်သက္ကာရကို သာယာတော်မူခြင်း မရှိလင့်ကစား ကြွင်းကျန်ရစ်သော ဓာတ်တော်မွေတော်တို့အား စေတီပုထိုးပြု၍ ကိုးကွယ်ဆည်းကပ်သူ, ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့အား ဆင်ခြင်အောက်မေ့လျက် ကောင်းစွာကျင့်ကြံ အားထုတ်ကြသူများမှာ လူ့ရွာနတ်ရွာ, နိဗ္ဗာန်ချမ်းသာတိုင်အောင် ဝင်ရောက်ခံစားကြရပေ၏။

ဥပမာအားဖြင့် အလျှံတပြောင်ပြောင် တောက်လောင်နေသော မီးပုံကြီးသည် အကြောင်းအားလျော်စွာ ချုပ်ငြိမ်းသွားသည့်အခါ သစ်ရွက်၊ မြက်မှိုက်၊ ထင်းစသည့် လောင်စာတို့အပေါ်တွင် သာယာနေပါဦးမည်လော''

''မသာယာနိုင်တော့ပါ..အရှင်ဘုရား''

''ကောင်းပြီ.. မင်းကြီး၊ ပြာပုံကြီးသည် ထိုကဲ့သို့ ချုပ်ငြိမ်းသွားသည့်အခါ လောက၌ ''မီး'' ဆိုသည် လုံးဝ မဖြစ်ပေါ်တော့၊ လုံးဝ မရှိတော့ဟု ပြောနိုင်ပါမည်လော''

''မပြောနိုင်ပါ ဘုရား..မီးတောက်မီးလျှံ မရှိတော့သည့်တိုင်အောင် မီးဖြစ်စေတတ်သော သစ်ရွက်,မြက်မှိုက်,ထင်းစသည့် လောင်စာအမျိုးမျိုးတို့ ရှိနေပါသေး၏။''

''မှန်ပေသည်.. မင်းကြီး၊ တောက်လောင်ခဲ့ပြီးသော မီးပုံကြီးချုပ်ငြိမ်းသွားခဲ့ရသော်လည်း လောင်စာများကို အကြောင်းပြု၍ နောက်ထပ် မီးပုံကြီး ဖြစ်ပေါ်လာနိုင်၏။ ထို့အတူပင် ဗုဒ္ဓဘုရားရှင်ကို အကြောင်းပြု၍ အာရုံပြု၍ လှူဒါန်းပူဇော်သည်ရှိသော် ထိုကောင်းမှုကုသိုလ်တို့သည်လည်း အချည်းအနှီး ဖြစ်မသွားပေ။

မင်းကြီး.. မီးပုံကြီးသည် အလျှံတဝင်းဝင်း တောက်လောင်ခဲ့သကဲ့သို့ ဗုဒ္ဓဘုရားရှင်သည်လည်း တစ်သောင်းသော လောကဓာတ်ခွင်၌ ဘုရားရှင်၏ အသရေတော်ဖြင့် အတုလံ-အတုမရှိ တင့်တယ်ထွန်းပတော်မူခဲ့၏။ ထိုသို့ ထွန်းပခဲ့သည်နှင့်အမျှလည်း ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပူဇော်ခြင်း၊ အရိုအသေပြုခြင်း၊ စသည်တို့သည် ကောင်းကျိုးကို ဖြစ်ထွန်းစေ၏။ လူ့ရပ်, နတ်ရွာ နိဗ္ဗာန်, ချမ်းသာဟူသော အကျိုးကို ခံစားရရှိနိုင်ကြပေ၏။ မီးပုံကြီးတစ်ခု ချုပ်ငြိမ်းသွားသည့်အခါ နောက်ထပ် မီးပုံအသစ်တစ်ခုပြုလုပ် ဖြစ်ပေါ်လာစေသကဲ့သို့ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့အား ရည်မှန်းလျက် ကုသိုလ်ကောင်းမှု အမျိုးမျိုးကို ပြုလုပ်နိုင်ကြပေ၏။

အရှင်မင်းကြီး.. ပြင်းစွာတိုက်ခပ်အပ်သော လေအဟုန် ချုပ်ငြိမ်းကွယ်ပျောက်သွားသည့်အခါ အရှိန်အဟုန်ပင် မရှိတော့လင့်ကစား 'လေ' ဟူသော ပညတ်မှာ မပျောက်ပျက်ပါပေ။ ထို့အတူ ဗုဒ္ဓဘုရားရှင်ကို ရည်မှန်း၍ ပြုအပ်သော ကုသိုလ်ကောင်းမှုတို့သည်လည်း အကျိုးမဲ့ အချည်းအနှီး မဖြစ်ပေ။

အရှင်မင်းကြီး ..လေအဟုန် ကွယ်ပျောက်သွားသည့်အခါ ယပ်ခတ်ခြင်းအားဖြင့် လေဖြစ်မြောက်စေကာ အေးချမ်းသာယာခြင်း ဖြစ်ရသကဲ့သို့ မြတ်စွာဘုရားရှင်၏ ကြွင်းကျန်ရစ်ခဲ့သော ဓာတ်တော်မွေတော်များကို ကိုးကွယ်ခြင်း, ပူဇော်ခြင်း, လှူဒါန်းခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှု အမျိုးမျိုးကို ဖြစ်စေအပ်၏။

အရှင်မင်းကြီး.. ထို့ထက်သာလွန်၍ ဆိုရပါလျှင် မီးပုံကြီးနှင့်တူသော ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သွားခဲ့ပြီ ဖြစ်သော်လည်း ဘုရားရှင်၏ ဓာတ်တော်, မွေတော်, အဆုံးအမ ဒေသနာတော်တို့သည် အထင်အရှား ကျန်ရစ်ခဲ့ပေ၏။ ဘုရားရှင်၏ကိုယ်စား ဘုရားရှင်နှင့် ထပ်တူထပ်မျှ ကိုးကွယ်စရာ, ကြည်ညိုစရာ, လိုက်နာကျင့်ကြံစရာများ ဖြစ်ကြပေ၏။ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်ခါနီး၌ ရှင်အာနန္ဒာအား..

`ချစ်သား အာနန္ဒာ၊ ငါဘုရားရှင်သည် အကြင်သုတ်, အဘိဓမ္မာကိုလည်းကောင်း၊ အကြင်ဝိနည်းတရားကို လည်းကောင်း၊ ဟောလည်း ဟောတော်မူအပ်ပြီ။ ပညတ်လည်း ပညတ်တော်မူအပ်ပြီ။ ထို သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်တို့သည် ငါပရိနိဗ္ဗာန် စံဝင်ပြီးသည့်နောက် သင်တို့အတွက် ဆုံးမတတ်သော ဆရာတည်း´

ဟူ၍ မိန့်တော်မူခဲ့၏။ ထိုသို့ မိန့်မှာတော်မူခဲ့ခြင်းကို သုံးသပ်ကြည့်ပါက ယခုကဲ့သို့ ပရဝါဒီ တိတ္ထိတို့၏ စွပ်စွဲပြောဆိုမှုများ ပေါ်ပေါက်လာမည်ကို ကြိုတင်သိမြင်တော်မူအပ်သောကြောင့် ဖြစ်ပေ၏။´´

ဤတွင် မိလိန္ဒမင်းကြီးလည်း..

''အရှင်ဘုရား..သိသာထင်ရှားရလေအောင် ဥပမာဆောင်တော်မူပါလော့''

ဟူ၍ တိုက်တွန်းနှိုးဆော်တော်မူခဲ့လေသတည်း။

ဆက်ရန် ------

နန္ဒာမိုးကြယ်

www.facebook.com/bwar99

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ