မိဖုရားစောမွန်​လှ

ပုဂံပြည့်ရှင် အနော်ရထာမင်းရဲ့ မိဖုရားစောမွန်လှဟာ ချောမောလှပ စိတ်ထားကောင်းကာ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး သာသနာပြုဖို့အတွက် စေတီပုထိုးများကို သဒ္ဓါတရားထက်သန်စွာ ဆောက်လုပ်လှူဒန်းခဲ့သူ အဖြစ်ရာဇဝင်မှာ ထင်ရှားခဲ့ပါတယ်။ စောမွန်လှရဲ့ မွေးရပ်ဌာနေဟာ မောရှမ်းတို့ရဲ့ တောင်တန်းမြေက စယ်လန့်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်။ အချို့က ရှမ်းမင်းသမီး စောမွန်လှဟာ မိုးကောင်းစော်ဘွားကြီးရဲ့ သမီးလို့ ပြောဆိုကြပါတယ်။ သို့သော် စောမွန်လှရဲ့ မူလဇာတိဒေသဟာ ရှမ်းတောင်တန်းကြီးတွေကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်မဲ့ မောတို့ရဲ့ ဒေသ စယ်လန့်က ဖြစ်ပါတယ်။

စောမွန်လှဟာ ရှမ်းပြည်နယ်သူ စယ်လန့်ဇာတိဆိုတာ ခိုင်မာတဲ့ သက်သေ အထောက်အထားများ ယနေ့တိုင် ရှိနေသေးတာကို စယ်လန့်ကို ရောက်ဖူးခဲ့ရင် တွေ့ရှိရမှာဖြစ်ပါတယ်။ စယ်လန့်ရွာဟာ ရှမ်းပြည်နယ်က မူဆယ်မြို့နဲ့ နမ်းခမ့်မြို့အကြားမှာ တည်ရှိနေတဲ့ရွာဖြစ်ပြီး စယ်လန့်သူတွေဟာ အင်မတန် ချောမောလှပတယ်လို့ ခုချိန်ထိလည်း နာမည်ကြီးပါတယ်။ ဒီအဆိုစကား မှန်မမှန် ပုဂံရာဇဝင်ကို နောက်ပြန်လှန်လို့ ကြည့်ကြမယ်ဆိုရင် အသားအရေ ဖြူစင်ဝင်းနှစ်ပြီး ပါးအို့လေးများ နီစွေးနေတဲ့ မောပျိုဖြူ မင်းသမီးလေးကို အနော်ရထာမင်းက တော်ကောက် သိမ်းပိုက်ခဲ့တာဟာဖြင့် ရှမ်းမင်းသမီးလေးရဲ့ လှပချောမောမှုက ထိပ်ဆုံးကပါဝင်ပါလိမ့်မယ်။ ရှမ်းမင်းသမီးလေး စောမွန်လှနဲ့ ပုဂံပြည့်ရှင် အနော်ရထာမင်းတို့ရဲ့ မေတ္တာဇတ်လမ်းလေးကို နောက်ပြန်လို့ သွားကြည့်ကြရအောင်လားရှင်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ခရစ်သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှမ်းလူမျိုးတို့ဟာ ရွှေလီမြစ်ဝှမ်း တစ်လျှောက်မှာ တိုင်းပြည်တည်ထောင်ပြီး ရှမ်းစော်ဘွားများက စိုးမိုးအုပ်ချုပ်နေခဲ့ပြီ ဖြစ်ပါတယ်။  ရှမ်းတို့ရဲ့ တိုင်းပြည်တည်ထောင်ချိန်ဟာ ပုဂံနေပြည်တော်ကြီးကို တည်ထောင်ချိန်နဲ့ တစ်ပြိုင်တည်း ကျတယ်လို့ ဆရာကြီး ဘီအေဦးဘသန်း ရေးသားပြုစုတဲ့ မြန်မာရာဇဝင်ကျမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ မြန်မာသက္ကရာဇ် ၃၀၀ကျော်ခန့်အချိန်ဟာ မောရှမ်းတို့ရဲ့ ပြည်နယ်ကိုးခုကို အုပ်ချုပ်တဲ့ ရှမ်းစော်ဘွားကြီး စဝ်ဆေခန်ဖဟာ စယ်လန့်လို့ ယခုတိုင်ခေါ်ဆိုဆဲဖြစ်တဲ့ ဒေသမှာ ထီးနန်းစိုက်ကာ စိုးစံနေတဲ့အချိန် ဖြစ်ပါတယ်။ စော်ဘွားကြီး စဝ်ဆေခန်ဖ နတ်ရွာစံပြီး နောက်မှာတော့ သားတော်ဖြစ်သူ စဝ်ဆေဟုံဖက ဆက်လက်အုပ်ချုပ်ပါတယ်။ စော်ဘွားကြီး စဝ်စေဟုံဖနဲ့ မိဖုရား အဂ္ဂမဟေသီဒေဝီတို့ကနေ သက္ကရာဇ် ၃၉၅မှာ သမီးတော်လေး စောမွန်လှကို မွေးဖွားခဲ့ပါတယ်။

၄၁၈ခုနှစ်ရောက်တဲ့အခါ ပုဂံနေပြည်တော်ကို  စိုးစံတော်မူတဲ့ အနော်ရထာမင်းဟာ ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်ကို သွားရောက်ပြီး  မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်သော ဗုဒ္ဓမြတ်စွယ်တော်ကို  ဖူးမျှော်ပါတယ်။ တရုတ်မင်း ဥတည်ဘွားက လက်ဆောင်ပေးလိုက်တဲ့ မြဘုရားတစ်ဆူကို ပင့်ဆောင်ပြီး တရုတ်ပြည်က အပြန်မှာ စယ်လန့်နေပြည်တော်နဲ့ မဝေးလှတဲ့ ရွှေလီမြစ်ကမ်းက ဟိုလောင်းရွာကလေးမှာ စခန်းချနေပါတယ်။ အဲဒီလို စခန်းချ နားနေစဉ်မှာ ရှမ်းတို့ရဲ့ ဥသျှောင် စယ်လန့်စော်ဘွား စဝ်ဆေဟုံဖနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဖြစ်ကြပါတယ်။ ဘုရင် မင်းဧကရာဇ်များရဲ့ထုံးစံ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် လက်ဆောင်ပဏ္ဍာ ပေးဆက်ကြရိုး ထုံးစံရှိကြရာ ရှမ်းမင်းသမီးလေး စောမွန်လှဟာလည်း ပဏ္ဍာ ဆက်ခံရတဲ့မင်းသမီး ဖြစ်လာပါတယ်။ အနော်ရထာမင်းကြီး ပုဂံပြည်ပြန်အကြွမှာတော့ စောမွန်လှ မင်းသမီးလေးကို စုလျားရစ်ပတ် လက်ထပ်သိမ်းမြန်းလို့ ရွှေနန်းတော်ကြီးဆီ ခေါ်ဆောင်သွားပါတော့တယ်။

အသားအရေ ဖြူစင်ဝင်းပကာ ချောညက်လှပသူ မင်းသမီးလေး စောမွန်လှဟာ ရုပ်ရည်တင်မက နှလုံးရည်လည်း ပြည့်စုံကောင်းမွန်တဲ့ မိန်းမမြတ်တစ်ဦး ဖြစ်ပါတယ်။ နက်မှောင်သန်စွမ်းလွန်းတဲ့ စောမွန်လှမင်းသမီးရဲ့ ဆံကေသာဟာ ဖြန့်များချထားခဲ့ရင် မြေကြီးနဲ့ထိလုနီးပါး ရှည်လျားလှတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ မင်းသမီးဟာ ရှမ်းပြည်နယ်မှာ နေထိုင်ခဲ့စဉ်ကတည်းက ဗုဒ္ဓဘာသာကို နှစ်သက်ကြည်ဖြူစွာ ကိုးကွယ်ယုံကြည်ခဲ့သူဖြစ်ပြီး မြတ်စွာဘုရားရဲ့ ဓာတ်တော်များကိုပင် သူမရဲ့ နားတောင်းအတွင်းမှာ ဌာပနာပြီး ကိုးကွယ်ပူဇော်ထားခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို အလွန် ကြည်ညိုကိုးကွယ်တဲ့ မင်းသမီးဟာ ပုဂံနေပြည်တော်ကို ရောက်ရှိစဉ်မှာလည်း ပုဂံပြည်ကြီးကို ဗုဒ္ဓသာသနာ စတင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့တဲ့ ရဟန်းတော် ရှင်အရဟံ အစရှိသော သံဃာတို့ကို ဆွမ်းကွမ်းမပြတ်အောင်  သူကိုယ်တိုင်ဦးစီးကာ နန်းတော်တွင်းမှာ ချက်ပြုတ် လှူဒါန်းပါတော့တယ်။ သံဃာတော်များရဲ့ တရားတော်ကိုလည်း အမြဲတမ်း နာယူလေ့ရှိပြီး သူမကိုယ်တိုင်လည်း တရားဓမ္မတို့ကို နေ့စဉ် ရွတ်ဆိုပူဇော်ကာ နန်းတွင်းသူ နန်းတွင်းသားများကိုပါ ဗုဒ္ဓဘာသာကို နက်နက်နဲနဲ ကိုးကွယ်တတ်လာစေရန် တိုက်တွန်း အားပေးခဲ့တယ်လို့ သိရပါတယ်။

အနော်ရထာမင်းကြီးမှာ မိဖုရား၊ မောင်းမိဿံ အခြွေအရံပေါများလှပေမဲ့ စိတ်နှလုံး ဖြူစင်ပြီး ဘာသာရေးကိုလည်း အလေးအနက် ကိုးကွယ်ဆောင်ရွက်နေတဲ့ တောင်တန်းဌာနေသူ ရှမ်းမင်းသမီးလေး စောမွန်လှကို တစ်နေ့ထက်တစ်နေ့ အချစ်ပိုပြီး အများနဲ့မတူ  မြတ်နိုးသဒ္ဓါ ထူးခြားစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွှေစည်းခုံစေတီတော်ကြီး တည်ထားရာသို့ပင် မိဖုရားစောမွန်လှကိုသာ မင်းကြီးအနော်ရထာက ခေါ်ဆောင်သွားလေ့ ရှိခဲ့ပါတယ်။ သို့သော်လည်း ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးရာများကြားမှာ မင်းသမီးလေးစောမွန်လှ ကံမကောင်းခဲ့ရှာပါ။ မင်းတရား အနော်ရထာရဲ့ ချစ်ခင်လေးမြတ်ခြင်းကို ပြိုင်ဘက်ကင်းစွာ ရရှိခဲ့ပေမဲ့ မင်းတရားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့အပေါ် မလိုမုန်းထားရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီကိုယ်တိုင်၊ မိဖုရားကြီးရဲ့ အမှုထမ်းများနဲ့ နန်းတွင်းသူအချို့ပါ။

မင်းသမီး စောမွန်လှအပေါ် မကျေနပ် မနာလိုတဲ့ အမုန်းမီးတောက်တွေ လောင်မြိုက်နေတဲ့ မိဖုရားခေါင်ကြီးက နန်းတွင်းသူ၊ နန်းတွင်းအရာထမ်းများကို သူ့ဖက်ပါအောင် သိမ်းသွင်းပြီး စောမွန်လှကို အရှက်တကွဲဖြစ်အောင် အမျိုးမျိုး ကြံဆောင်ကြပါတော့တယ်။ မင်းသမီးစောမွန်လှက မိဖုရားခေါင်ကြီးနဲ့ ထိပ်တိုက်မတွေ့ရလေအောင်  ဘယ်လိုပင်ရှောင်ပေမဲ့ အငြိုးကြီးတဲ့ မိဖုရားကြီးက နည်းမျိုးစုံနဲ့ စောမွန်လှ နာမည်ပျက် အရှက်ရအောင် လုပ်တော့တာပါဘဲ။ ကိုယ်တိုင်ထိခိုက်စော်ကားလို့ အားမရ မင်းတရား အနော်ရထာထံ ဝင်ရောက်ခစားပြီး တောင်ပေါ်သူ ရှမ်းမင်းသမီး စောမွန်လှဟာ ၁၂ကြိုး ကဝေ စုန်းအတတ်ကို တတ်မြောက်သူ စုံးမဖြစ်တဲ့အကြောင်း ဂုံးတိုက်ချောစား လုပ်ပါတယ်။

စောမွန်လှကို ချစ်ခင်မြတ်နိုးပြီး ယုံကြည်ကိုးစားတဲ့ မင်းကြီးဟာ မိဖုရားခေါင်ကြီးနဲ့ အဖွဲ့ရဲ့ ဂုံးတိုက်စကားကို ဘယ်လိုမှ မယုံကြည်ခဲ့ပါဘူး။ သို့သော်လည်း တစ်ညမှတော့ ဆီမီးအလင်းရောင်များ ငြိမ်းနေပေမဲ့ မင်းသမီးလေး စောမွန်လှအခန်းမှာတော့ တလက်လက်နဲ့ တောက်ပနေတဲ့ အရောင်များထွက်နေတာကို မင်းကြီးကိုယ်တိုင် တွေ့မြင်နိုင်အောင် မိဖုရားကြီးအဖွဲ့က တိုးတိုးတိတ်တိတ် ခေါ်ပြပါတော့တယ်။ ဘုရင် အနော်ရထာက နောက်တစ်နေ့မှာတော့ မင်းသမီးလေးကို ညသန်းကောင် မီးရောင်တစ်လက်လက် ဖြစ်ရတဲ့ကိစ္စ မေးမြန်းပါတော့တယ်။ တကယ်တမ်းတော့ စောမွန်လှရဲ့ အခန်းထဲက တောက်ပနေတဲ့အရောင်များဟာ မင်းသမီး ဘုရားရှိခိုးချိန်မှာ နားတောင်းအတွင်းမှ ဌာပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်များမှ ရောင်ခြည်တော် ကွန့်မြူးတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကိုလည်း မင်းသမီးစောမွန်လှက မြတ်စွာဘုရားနဲ့ ရဟန်းသံဃာ၊ ရတနာ သုံးပါးကလွဲလို့ အခြားဘယ်လို ကိုးကွယ်မှုမျိုးကိုမှ မယုံကြည် မကိုးကွယ် လက်မခံခဲ့ကြောင်း မင်းတရားကို အခိုင်အမာ ရှင်းပြခဲ့ပါတယ်။ ပြီးတော့လည်း “သူမကို မယုံကြည်ဘူးဆိုခဲ့ရင် နန်းတော်ကနေ ထွက်ခွာခွင့်ပြုပါ၊ သူမ မရှိခဲ့ရင် နန်းတော်တွင်းမှာ ပိုပြီးငြိမ်းချမ်းပါလိမ့်မယ်။ မွေးရပ်ဌာနေ မောရှမ်းမြေကို ပြန်ပါရစေ”လို့ အနော်ရထာ မင်းကြီးထံ ခွင့်တောင်း အသနားခံပါတယ်။


မင်းသမီးလေးကို စုန်းကဝေမလို့ ယုံကြည်သွားခဲ့တာကြောင့်လား၊ သို့မဟုတ် နန်းတွင်းမှာ ဆက်နေမယ်ဆိုရင် စောမွန်လှမင်းသမီးလေး ပိုပြီး စိတ်ညစ်ရမှာကို စိုးရိမ်တာကြောင့်ဘဲ ပြည်တော်ပြန်ခွင့် ပြုခဲ့တာလား ဆိုတာကျုတော့ မင်းတရားအနော်ရထာ ကိုယ်တိုင်သာ အသိဆုံး ဖြစ်ခဲ့မှာပါ။ ချစ်သူမျက်နှာ တစ်ရွာမှတ်ကာ နောက်တော်ပါးသို့ လိုက်ပါခစားခဲ့ပေမဲ့ ကံတရားက ဖန်လာတာကြောင့် ပြည်တော်ကို ပြန်ချိန်ကျပြီလို့ ဆုံးဖြတ်မိတဲ့ စောမွန်လှမင်းသမီးဟာ မင်းတရားအနော်ရထာကို နောက်ဆုံးဖူးမျှော်ခြင်းနဲ့ ဦးတိုက်ရှိခိုးကာ နှုတ်ဆက်ပါတယ်။ ရွှေနန်းတော်ကြီးကနေ လှမ်းမြင်နေရတဲ့ မပြီးသေးသော ရွှေစည်းခုံစေတီကြီးကိုလည်း မျှော်ရည်မှန်းဆကာ ဦးချလိုက်ပါသေးတယ်။ ပြီးတော့မှ ပုဂံနန်းတော်ကြီးနဲ့ မင်းတရားအနော်ရထာကို မျက်ရည်ဝေသီ ဆို့နင့်ကြေကွဲစွာ နှုတ်ဆက်လို့ စိတ်နှလုံး ညိုးချုံးနွမ်းနယ်စွာနဲ့ ရွှေနန်းတော်ကနေ သန်မြန်စွာဆင်ကြီးကိုစီးကာ ထွက်ခွာခဲ့ပါတော့တယ်။

သို့သော်လည်း ကံခေလွန်းရှာတဲ့ ရှမ်းမင်းသမီးလေး စောမွန်လှဟာ သူမရဲ့ မွေးဖွားရာဇာတိ စယ်လန့်နေပြည်တော်ကိုတောင် မရောက်နိုင်ဘဲ လမ်းတစ်ဝက် သီပေါမှာတင် ကံတော်ကုန်ခဲ့ရှာပါတယ်။ဗုဒ္ဓဘာသာကို မြတ်နိုးကိုးကွယ်ခဲ့သူ မင်းသမီးစောမွန်လှဟာ ပုဂံနေပြည်တော်မှ ရှမ်းတောင်တန်းများဆီ ပြန်အလာ လမ်းတစ်လျှောက်မှာ စေတီပုထိုးတို့ကို တည်ထားခဲ့သူလည်း ဖြစ်ပါတယ်။

စယ်လန့်ရွာရှိ စယ်လန့်နိဂမ စောမွန်လှကျောင်းမှ
ဆရာတော် နာဂိတရေးသားသည့် စောမွန်လှ အထ္ထုပ္ပတ္တိ
အကျဉ်းချုပ်အား မှီငြမ်းကိုးကားပါသည်

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ