ရာဇဝင်​ဆိုင်​ရာ

ပုဂံမင်းရဲ့  နို့ထိန်းသည် ပျိုတော်မယ်ရွဲ နဲ့ သူ့ရဲ့ ဇာတိမြေ 
.................................................................................

မင်းတုန်းမင်းနဲ့ ညီတော် ကနောင်မင်းတို့ညီနောင်နှစ်ပါး နောင်တော်ပုဂံမင်းကိုပုန်ကန်လို့ နန်းချလိုက်ပြီးတဲ့နောက်မှာ မင်းတုန်းမင်းနန်းတက်ပါတယ် ။ မင်းတုန်းမင်းက သူနန်းတက်တော့ နောင်တော်ပုဂံမင်းလက်တက်က မင်းမှုထမ်းများကို အခွင့်ရေးတစ်ခုပေးခဲ့ပါတယ် ။ ဘုရင့်အမှုထမ်းများဟာ သူ့လက်ထက်တော်မှာ ဆက်လက်ပြီးမင်းမှုထမ်းလိုက ထမ်းဆောင်နိုင်ကြောင်းနဲ့ တကယ်လို့ ဆက်လက်ပြီးမထမ်းဆောင်လိုပါကလည်း အမှုထမ်းဘ၀က နုတ်ထွက်နိုင်ကြောင်း အခွင့်ရေးတစ်ရပ်ပေးခဲ့တာပါ ။ အမိန့်အရ တချို့ မင်းမှုထမ်းများမှာ မင်းတုန်းမင်းလက်ထက်တော်မှာ ဆက်လက်မင်းမှုထမ်းကြတာမျိုးရှိသလို အမှုတော်မထမ်းလိုတော့တဲ့သူများကျတော့ ဘုရင့်ထံသစ္စာတော်ခံယူပြီး သာမာန်အရပ်သားအဖြစ်နဲ့ နေထိုင်သွားတဲ့သူများလည်းရှိတယ်လို့ သိရပါတယ် ။ အဲဒီအထဲမှာ နန်းချခံထားရတဲ့ နောင်တော်ပုဂံမင်းရဲ့ နို့ ထိန်းသည် အပျိုတော်မယ်ရွဲ ဆိုသူကလည်း နန်းတွင်းမှာ ဆက်လက်မှုတော်ဆောင်ရွက်မလိုတော့ကြောင်းနဲ့ သူ့ရဲ့ ရပ်ရွာဇာတိကို ပြန်ခွင့်ရချင်ကြောင်း ဘုရင့်ထံလျှောက်ထားတောင်းဆိုခဲ့ပါတယ်တဲ့ ။ မင်းတုန်းမင်းကြီးကလည်း အပျိုတော်ကြီးရဲ့ တောင်းဆိုချက်ကို လိုက်လျှောခဲ့တာအပြင် ဇာတိရပ်ရွာမှာခြေချပြီးလုပ်ကိုင်စားသောက်နိုင်ဖို့အတွက်ငွေတော်များကိုပါထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ် ။ ဒီတော့ အပျိုတော်မယ်ရွဲဟာ ရွှေနန်းတော်ကိုစွန့်ခွာပြီး သူ့ရဲ့ ဇာတိရပ်ရွာမှာပဲ အေးချမ်းစွာနဲ့ အသက်ထက်ဆုံးနေသွားခဲ့တယ်ဆိုပါတော့ ။

              အပျိုတော်မယ်ရွဲ နောက်ဆုံးခေါင်းချသွားတဲဇာတိရွာဟာ မန္တလေးမြို့ မြောက်ဘက်မှာကပ်လျှက်ရှိနေတဲ့ပေါက်မြိုင်ရွာပဲဖြစ်ပါတယ် ။ အဲဒီရွာဟာ အခုချိန်ထိ အပျိုတော်မယ်ရွဲရဲ့ ဇာတိရွာအဖြစ် ထင်ထင်ရှားရှားရှိနေသေးတာပါ ။ အဲဒီရွာကိုရောက်ဖို့ဆိုရင် မန္တလေးတောင်ကနေ မတ္တရာဘက်ကို နှစ်မိုင်အကွာလောက်ထွက်လာပြီး ကားလမ်းမရဲ့  အနောက်ဘက်ကို ချိုးဝင်လိုက်ရပါမယ် ။ ကားလမ်းမကနေချိုးဝင်ပြီးလို့ ခဏကြာတာနဲ့ ပေါက်မြိုင်ရွာကိုရောက်ပါပြီ ။ အပျိုတော်မယ်ရွဲ့ ဟာ သူခေါင်းချရာဇာတိရွာဖြစ်တဲ့ ပေါက်မြိုင်ရွာအနီးနားဝန်းကျင်မှာ စေတီတစ်ဆူနဲ့ ဘုန်းကြီးကျောင်းတွေပါ ဆောက်လှူခဲ့ပါတယ် ။ မင်းတုန်းမင်းကြီးကလည်း အပျိုတော်ကြီး စေတီတည် အလှူပြုနိုင်ဖို့ ငွေတော်ပေးသနားခဲ့သေးတာအပြင် စေတီပရ၀ုဏ်အတွက် မြေနေရာသတ်မှတ်လှူပေးခဲ့ပြီး အဲဒီအနီးနားဝန်းကျင်ကိုလည်း ဘေးမဲ့တောအဖြစ်သတ်မှတ်ပေးခဲ့တယ်လို့ဆိုပါတယ် ။ မင်းတုန်းမင်းကြီးကအဲဒီလိုသတ်မှတ်ပေးခဲ့တဲ့ ကမ္ဗည်းကျောက်စာတိုင်ကိုလည်း မယ်ရွဲစေတီအနားမှာ အခုချိန်ထိတွေ့ နေရသေးတာပါ ။ တကယ်တော့ အမရပူရနန်းတွင်းကနေ အထုတ်ပိုက်ပြီးထွက်လာခဲ့တဲ့ ဘုရင့်နို့ထိန်းသည် သာမန်ပျိုတော်တစ်ယောက်ရဲ့  နေရပ်ဇာတိက အခုလောက်ထိ ထင်ရှားနေစရာအကြောင်းမရှိဘူးလို့ထင်ရစရာဖြစ်ပေမယ့်လည်း မယ်ရွဲကောင်းမှုစေတီတော်နဲ့ ကျောင်းတော်ကြီးကြောင့် အခုချိန်ထိလူသိများနေသေးတာဖြစ်နိုင်ပါတယ် ။

                  ပုဂံမင်းရဲ့ နို့ ထိန်းသည် အပျိုတော်မယ်ရွဲဟာ အမရပူရနန်းတွင်က အပြီးပိုင်ထွက်ခွာလာပြီးနောက် သူ့ဇာတိဒေသဖြစ်တဲ့ ပေါက်မြိုင်ရွာဝန်းကျင်မှာ စေတီတစ်ဆူနဲ့ ဘုန်းကြီးကျောင်းတစ်ဆောင်ကို သက္ကရာဇ် ၁၂၁၈ ခုနှစ်မှာ တည်ဆောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။ အခု မယ်ရွဲတည်ခဲ့တဲ့စေတီနေရာဝန်းကျင်မှာ နန္ဒာ ( မြောက် ) ရွာဆိုတဲ့ ရွာတစ်ရွာတည်ရှိနေပြီး စေတီရဲ့  မြောက်ဘက်ကပ်လျှက်မှာပဲ သူလှူခဲ့တဲ့ဘုန်းကြီးကျောင်းကိုတွေ့ ရတာပါ ။ ဘုန်းကြီးကျောင်းရဲ့  နာမည်ကိုတော့ မယ်ရွဲကျောင်းတိုက် ၊ သီရိနန္ဒာကျောင်းတိုက်ဆိုပြီးရေးထိုးထားတာတွေ့ ရပါတယ် ။ ကျောင်းရဲ့  အရှေ့ ဘက် မဟာရံတံတိုင်းအပြင်ပန်းမှာ အရင်ခေတ်လက်ရာတွေ မတွေ့ ရတော့လောက်အောင်ကို ပြင်ဆင်မွန်းမံထားတာကိုတွေ့ ရပါတယ် ။ တောင်ဘက်နဲ့ မြောက်ဘက်မှာကျတော့ အရင်မူလ မဟာရံတံတိုင်းကြီးတွေမြေပေါ်မှာတစ်ဝက်လောက်ပေါ်နေသေးတာကိုတွေ့ ရပေမယ့် အဲဒီတံတိုင်းအထူကြီးပေါ်မှာပဲ အခုခေတ်အုတ်တံတိုင်းလေးကို တင်ထားပြန်သေးတာပါ ။ 

               ကျောင်းရဲ့  အရှေ့ ဘက်တံတိုင်း အပြင်ဘက်မှာ အပျိုတော်မယ်ရွဲ ကောင်းမှူတော် စေတီနဲ့ ကျောင်းတော်ကြီးတည်ရှိရာဝန်းကျင်ကို မင်းတုန်းမင်းကြီးက ဘေးမဲ့တောအဖြစ်သတ်မှတ်ပေးထားတဲ့ ကမ္ဗည်းကျောက်စာတိုင်တစ်တိုင်ကို ထူးထူးခြားခြားတွေ့ ရပါတယ် ။ ဒီကျောက်စာတိုင်ဟာ အရင်က ဘယ်နေရာမှာထားရှိမှန်းမသိရပေမယ့် အခုချိန်မှာတော့ မယ်ရွဲ ကျောင်းထိုက်ရဲ့  တံတိုင်းအပြင်ဘက် အရှေ့ ဘက်မျက်နှာစာမှာ စိုက်ထူထားရှိတာကိုတွေ့ လိုက်ရတာပါ ။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက ကျောင်းတိုက်ရဲ့ တံတိုင်အပြင်ဘက် အရှေ့ မြောက်ထောင့်နားလေးမှာ ရှေးဟောင်စေတီလေးတွေကို လမ်းနဘေးမှာတွေ့ခဲ့ရပါပဲ ။ ဒီစေတီတွေကလည်း မယ်ရွဲစေတီနဲ့တစ်ခေတ်တည်းမှာ တည်ဆောက်ခဲ့တာဖြစ်နိုင်ပါတယ် ။ ဂူဘုရားလေးတွေက လမ်းနဘေးမှာပဲတည်ရှိနေတာဆိုတော့ ထုံးစံအတိုင်း အထဲမှာဆင်းတုတော်တွေ မတွေ့ ရတော့ပါဘူး ။ ဒီစေတီတွေကိုတော့ ရွှေဆေးလေးဘာလေးကြည့်ကောင်းအောင်သုတ်ပြီး လမ်းနဘေးမှာ ဒီအတိုင်းပဲထား ထားတာကိုတွေ့ နေရတာပါပဲ ။ 

               မယ်ရွဲကျောင်းရဲ့  မဟာရံတံတိုင်းကြီးတွေ တုတ်ခိုင်ကြီးမားစွာနဲ့တည်ရှိနေတာကိုထောက်ပြီး အထဲမှာတည်ရှိနေမယ့် မယ်ရွဲဆောက်လှူခဲ့တဲကျောင်းကြီးကလည်း ခန့်ညာထည်ဝါစွာနဲ့တည်ရှိနေမှာပဲလို့တွေးမိပါတယ် ။ ဒါပေမယ့်စိတ်မကောင်းစရာပါပဲ ။ မယ်ရွဲရဲ့  မူလကျောင်းတော်ကြီးက အခုမရှိတော့ပါဘူး ။ အဲဒီကျောင်းတော်ကို သိပ်မကြာသေးခင်နှစ်တွေတုန်းကမှဖျက်ပြီး အသစ်ပြင်ဆောက်လိုက်ပြီလို့သိရပါတယ် ။ အရင်က လက်ကျန်ကျောင်းတော်အစိပ်ပိုင်းဆိုလို့ ထမင်းချက်ဆောင်နားက အစိပ်ပိုင်းတစ်ခုနဲ့ အသစ်ပြင်ဆောက်ထားတဲ့ ကျောင်းက တိုင်လုံးကြီးတွေကိုပဲတွေ့ ရတော့တာပါ ။ ကျောင်းပေါ်မှာတော့ ဘုရားကျောင်းဆောင်တွေ စာတိုက်သေတ္တာတွေနဲ့ ဆင်းတုတော်တွေကိုပဲ မူလပစ္စည်းတွေအဖြစ်တွေ့ ရပါတော့တယ် ။ ကျောင်းပေါ်မှာချိတ်ဆွဲထားတဲ့ နိုင်ငံခြားလုပ် အောက်လင်းဓာတ်မီးကြီးတွေနဲ့ ပန်းချီးကားတွေကတော့ မယ်ရွဲကျောင်းတော်မှာ ခေတ်အဆက်ဆက်က ဖြည့်သွင်းအသုံးပြု လာတဲ့ပစ္စည်းတွေ ဖြစ်ပုံရပါတယ် ။ 

                 နန္ဒာ ( မြောက် ) ရွာနဲ့ တဆက်တည်းရှိနေတဲ့ မယ်ရွဲစေတီတော်က တောင်သုံးဆယ်လောက် အမြင့်ရှိတယ်လို့ သိရပါတယ် ။ စေတီရဲ့ အရှေ့ ဘက်မျက်နှာမှာ အရင်ကတည်းက တည်ရှိနေပုံရတဲ့ မြေစိုက်စေတီတစ်ဆူကို ရွှေအပြည့်ချထားပြီး အမိုးမိုးထားသေးတာအပြင် သံစကာတွေနဲ့လုံခြုံအောင်သော့ခတ်ထားတာကို ထူးဆန်းစွာတွေ့ ရသေးတာပါ ။ ဘုရားတန်ဆောင်းတွေမှာတွေ့ ရတဲ့ဆင်းတုတော်တွေကိုတော့ ထူးခြားတာမျိုးမတွေ့ ခဲ့ရပါဘူး ။ တောင်ဘက်မှာရှိတဲ့ အဓိကတန်ဆောင်းထဲမှာ ထန်းစင်ပေါ်တင်ထားတဲ့ အပျိုတော်မယ်ရွဲရုပ်ထုဆိုတာကိုတွေ့ ရပါတယ် ။ ရုပ်ထုနဘေးပတ်ပတ်လည်မှာတော့ ပေါင်ဒါဗူးတွေ ၊ မှန်တွေနဲ့ ဘီးတွေကလည်း ပြန့်ကျဲလို့ပါပဲ ။ တစ်ခုခုကိုရလိုတဲ့သူတွေက မယ်ရွဲရုပ်ထုဆီမှာဆုတောင်းပြီး အဲဒါတွေနဲ့ ပ သသွားတာနေမှာပါ ။ ဒါ့အပြင် ရုပ်ထုမျက်နှာကိုလည်း ပေါင်ဒါတွေဖို့ပေးခဲ့သေးတာနေမှာပါပဲ ။ ဒီလိုဆိုရင်တော့ နို့ထိမ်းသည် အပျိုတော်မယ်ရွဲဟာလည်း သိပ်မကြာတော့တဲ့ အချိန်တွေမှာ တရားဝင်နတ်တစ်ပါးဖြစ်လာနိုင်ချေရှိတယ် လို့ ခန့်မှန်းမိပါတယ် ။ 

                မယ်ရွဲစေတီတော်ကိုလှည့်ပတ်ကြည့်ရှုရာမှာ အနောက်ဘက်မျက်နှာမှာပဲ အုတ်စောင်းတန်းတစ်ခု ထားရှိတာကိုတွေ့ ရပါတယ် ။ အရင်က ဒီစောင်းတန်းကိုသာအသုံးပြုပြီး အနောက်ဘက်မှာရှိတဲ့ပေါက်မြိုင်ရွာကဘုရားဖူးတွေ မယ်ရွဲဘုရားဆီကို သွားလာကြတာနေမှာပါ ။ အခုချိန်မှာတော့ စေတီရဲ့ တောင်ဘက်မှာ နန္ဒာ ( မြောက် ) ရွာနဲ့ တစ်ဆက်တည်းရှိနေတဲ့အပြင် အရှေ့ ဘက်မျက်နှာမှာလည်း ရွာချင်းဆက်လမ်းတွေက သာသာယာယာနဲ့ရှိနေပြီမို့ ဒီနောက်ဘက်စောင်းတန်းကို သုံးပြုမှုနည်းသွားပုံရပါတယ် ။ ဒီတော့ နောက်ဘက်မျက်နှာမှာရှိနေတဲ့ ရှေးစောင်းတန်းဟောင်းကြီးကို ပြုပြင်မှုတွေ မပြုလုပ်ကြတော့ဘူးပေါ့ ။ 

                   မယ်ရွဲဘုရားပေါ်ကနေ စောစောကပြောခဲ့တဲ့ အနောက်ဘက်စောင်းတန်းအတိုင်းထွက်လာခဲ့ရာမှာ စောင်းတန်းအထိပ်ကိုရောက်တာနဲ့ စိတ်မကောင်းစရာတစ်ခုနဲ့ကြုံရပါတယ် ။ ပြိုကျပျက်စီးလုနီးနီးဖြစ်နေတဲ့ ဧရာမခြင်္သေ့ကြီးတစ်ကောင်ကိုတွေ့ ရလို့ပါ ။ မယ်ရွဲစေတီတည်ခဲ့စဉ်အခါက အလှူရှင်ရဲ့ ဇာတိပေါက်မြိုင်ရွာဘက်ဖြစ်တဲ့ ဘုရားအနောက်ဘက်မျက်နှာမှာ စောင်းတန်းတစ်ခုထည့်သွင်းတည်ဆောက်ခဲ့ပြီး အဲဒီစောင်းတန်းထိပ်မှာပဲ ဧရာမခြင်္သေ့ကြီးနှစ်ကောင်ကို ထတ်ဆင်တည်ဆောက်ခဲ့ပါတယ် ။ အဲဒီခြင်္သေ့ကြီးနှစ်ကောင်ဟာ နှစ်ကာလကြာရှည်လာတာနဲ့အမျှ ပြုပြင်မှုလုံးဝကင်းမဲ့ခံနေရတာမို့ တစ်ကောင်မှာ ပျောက်ခြင်းမလှ ပျက်စီးပျောက်ကွယ်သွားပြီဖြစ်ပါတယ် ။ အခုလက်ရှိကျန်နေခဲ့တဲ့ခြင်္သေ့တစ်ကောင်ကလည်း မြင့်မြင့်မားမားရှိနေတဲ့ ခြင်္သေ့ဦးခေါင်းအထိ ခြုံနွယ်တွေဖုံးနေခဲ့ပြီး ရုပ်လုံးမပေါ်တော့လောက်အောင်ကိုပျက်စီးနေပါပြီ ။ ဒီလက်ကျန်ခြင်္သေ့တစ်ကောင်ကိုလည်း ဒီအတိုင်းသာပြစ်ထားရင်တော့ သိပ်မကြာတော့တဲ့အချိန်တောတွင်းမှာ လုံးဝပျက်စီးသွားနိုင်ပါတယ် ။ ပထမ ခြင်္သေ့တစ်ကောင်က မျက်စိအရှေ့ မှာတင် ပျက်စီးပျောက်ကွယ်သွားခဲ့ပြီးပြီဆိုတော့ အခုလက်ရှိကျန်နေသေးတဲ့ ခြသေ့င်္ကြီးတစ်ကောင်ကိုလည်း အချိန်မှီပြုပြင်ထိန်းသိမ်းကြဖို့ အသိစိတ်ကလေးတွေဝင်လာဖို့ကောင်းနေပါပြီ ။ သက်ဆိုင်ရာဌာနအနေနဲ့လည်း အခြေနေတွေကိုသိပြီးဖြစ်မှာပါ ။ တကယ်ဆို မပြုပြင်နိုင်သေးရင်တောင်မှ သတိပေးစာလိုမျိုးအနီးအနားမှာ စိုက်ထူထားသင့်ပါတယ် ။ အခုဆိုရင် ဒီခြင်္သေ့ကြီးဟာ နှစ်ပေါင်း 160 ပြည့်နေပါပြီ ။ ပြိုကျပျက်စီးဖို့ တဲတဲလေးပဲလိုတော့တာပါ ။

             အဲဒီနေ့က မယ်ရွဲစေတီကပြန်လာတဲ့လမ်းမှာ ခြင်္သေ့ကြီးကိုပဲ မျက်စိထဲမြင်နေမိပါတယ် ။ ခြင်္သေ့ကြီးပြိုကျပျက်စီးဖို့ သိပ်မလိုတော့တဲ့အခြေနေမျိုးကိုတွေ့ ခဲ့ရတယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာအပြင် ဘယ်သူ့ကို အပြစ်တင်လို့တင်ရမှန်းမသိဖြစ်ရတဲ့ခံစားချက်တွေ ရောယှက်နေပြီး ခေါင်းတစ်ခုလုံးလည်း ချာချာလည်လို့ပါပဲ ။ အဲဒီလိုတွေ ဖြစ်နေရတဲ့ထဲ ခြင်္သေ့ကြီးနဲ့ ပေသုံးရာလောက်အကွာက မယ်ရွဲကျောင်း မူလမဟာရံတံတိုင်းကြီးရဲ့  အရင်လက်ရာပျောက်သွားလောက်အောင်ထိ မလိုအပ်ဘဲငွေကုန်ကြေးကျခံပြီး တန်စာဆင်ဆောက်လုပ်ထားတဲ့ မုခ်ပေါက်ကြီးတွေနဲ့ အုတ်တံတိုင်းကြီးတွေရဲ့ ပုံရိပ်တွေက အာရုံထဲမှာ ပေါ်ပေါ်လာပါတယ် ။ ဒီတော့ ကျွန်တော့မှာလည်း နေရင်းထိုင်းရင်းနဲ့ အချောင်သက်သက် အကုသိုလ်စိတ်တွေပွားများနေရပါတော့တာပါပဲခင်ဗျာ ။ ( ရန်နောင်းစိုး )

Comments

Popular posts from this blog

ပဌာန်းတရားတော်

စကားထာ

ဘာသာစကားဆိုင်​ရာ စာအုပ်​များ